ရှမ်းပါတီတွေ ပူးပေါင်းဖို့ ဘာကြောင့် မလွယ်သလဲ


ခင်ဗျားသိလား၊ သေသွားတဲ့ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့တပ်ဖွဲ့လက်ချက်နဲ့လုပ်ကြံခံရလို့ သေသွားရတဲ့ ရှမ်းခေါင်းဆောင်တွေ မနည်းဘူးဗျ။  အများစုဟာ ရှမ်းတွေ ညီညွတ်ရေးအတွက်  ကြိုးစားရင်း ကျဆုံးသွားကြတာ။ တော်လှန်ရေးအတွက် အသက်ပေးသွားရတာ။


လာကပေါ် – အခုရက်ပိုင်း တက်လာတဲ့ သတင်းတွေမှာ ရှမ်းနိုင်ငံရေးပါတီ (၃)ခု ပူးပေါင်းဖို့ မလွယ်ဘူးဆိုပဲ။ သတင်းစာ ဂျာနယ်တွေမှာ ဖော်ပြသမျှ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ (SNLD) ဘက်ကရော၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က တာဝန်ရှိ သူတွေ ပြောသမျှ ကိုပါ အဲဒီအတိုင်း ဖတ်ရတာပဲ။ 

အောင်ကျော် – ကျွန်တော်လည်း ဖတ်ရတယ်။ ဒါက သူတို့ပါတီတွေ သီးခြားစီ သတင်းထုတ်ပြန် တာမျိုးတော့မဟုတ်ဘူး။ အခု ပြည်ပမီဒီယာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုက သင်တန်း တစ်ခု ပေးနေတယ်။ အဲဒါက ရှမ်းပြည် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သင်တန်း၊ ဒီတော့ အဲဒီသင်တန်း ကနေ သင်တန်းသားတွေကို ရှမ်းပြည်မှာရှိတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံလို့ရအောင် စီစဉ်ပေးတယ်။ အဲဒီလို စီစဉ်ပေးရင်း ပြောဆိုတာတွေကို သင်တန်းသားတွေက သတင်းရေးသား ဖော်ပြနေကြတာပဲ။
လာကပေါ် – အဲဒါတော့ ကျွန်တော် မသိဘူး။ ကျွန်တော်က သတင်းစာတွေထဲ ပါသလောက် သိရတာ။ ပြောပါဦး ခင်ဗျားအမြင်လေး။
အောင်ကျော် – ဒီလိုဗျာ၊ သင်တန်းသား သတင်းထောက်တွေနဲ့ ရှမ်းပါတီ တာဝန်ရှိသူတွေနဲ့ တွေ့တော့ မေးခွန်းတွေ မေးကြတာပေါ့ဗျာ။ အခြား တိုင်းရင်းသားတွေရဲ့ အခြေအနေ တွေကို အခြေခံပြီး ဥပမာဗျာ၊ ရခိုင်မှာဆိုရင် ရခိုင် ၂ ပါတီ ပေါင်းဖို့ လုပ်နေတယ်။ အောင်လည်း အောင်မြင်နေ တယ်။ ချင်းမှာ ဆိုရင်လည်း ချင်း ၂ ပါတီ ပေါင်းဖို့ လုပ်နေတယ်။ ဆိုတော့ ရှမ်းတွေရောဆိုပြီး အဓိက ခုနက ကျွန်တော်ပြောတဲ့ SNLD နဲ့ SNDP  တာဝန်ရှိသူတွေကို သတင်းထောက်တွေက မေးတာ။
လာကပေါ် – သူတို့ ဘယ်လို ပြန်ပြောကြသလဲ။
အောင်ကျော် – တိုတိုပြောရရင် SNLD ဘက်က ပြောတာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံတဲ့ပါတီ၊ သူတို့ကတော့ လက်မခံဘူး။ ဒီတော့ ပေါင်းစည်းမယ် ဆိုရင် အဲဒီအခြေခံကျတဲ့ ပြဿနာကအစ ညှိနှိုင်းရမယ်။ အဲဒါမျိုးပြောတာ။ SNDP ဘက်ကတော့ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တယ်။ ရှမ်းပြည်မှာ ပြည်သူလူထု ထောက်ခံမှု အများဆုံးရပြီး အန်အယ်လ်ဒီ လွှတ်တော်ထဲ မရောက်ခင်အထိ ပြည်ထောင်စုအဆင့် လွှတ်တော်ထဲ မှာ ပြည်ခိုင်ဖြိုးပြီးရင် အင်အားအများဆုံးပါတီ၊ အဲတော့ မဲပေးလိုက်တဲ့ ပြည်သူတွေ မျက်နှာကို ကြည့်ရမယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသတဲ့။
လာကပေါ် – အင်း သမိုင်းကလေး နည်းနည်း ထပ်ရှင်းပါဦး။
အောင်ကျော် – သြော် မရှုပ်ပါဘူးဗျာ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကဆို အန်အယ်လ်ဒီပြီးရင် SNLD ဟာ အမတ်ဦးရေ အများဆုံး ရွေးကောက်ခံရတဲ့ ပါတီ၊ အဲဒီအချိန်ကစ စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ ၂၂ နှစ်တာ ကာလပတ်လုံး ပါတီခေါင်းဆောင်တွေဟာ တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးရဖို့ အန်အယ်လ်ဒီပါတီလိုပဲ ကိုယ်ကျိုးစွန့် အသက်စွန့် ကြိုးပမ်းခဲ့ကြသူတွေ၊ ရှမ်းပြည်သူတွေအတွက်လည်း အကြီးအကျယ် လုပ်ကိုင်ခဲ့သူတွေ၊ အဲဒါကြောင့်လည်း SNLD ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦးဆို နှစ်ပေါင်းမြောက်မြားစွာ အကျဉ်းကျခံစေဖို့ စစ်အစိုးရက အမိန့်ချမှတ် ခဲ့တယ်။ ထောင်ထဲမှာလည်း နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ အလားတူ အခြား SNLD ခေါင်းဆောင် တွေလည်း ခံကြရတယ်။ ပြောရရင် သမိုင်းတွင်တဲ့ ပါတီနဲ့ ခေါင်းဆောင်တွေပေါ့ဗျာ။
လာကပေါ် – ဟုတ်ပါပြီ။ SNDP ကရော။
အောင်ကျော် – အဲဒီအကြောင်း မပြောခင် SNLD အကြောင်း ဆက်ပြောပြရဦးမယ်။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးတော့မယ်ဆိုတော့ အန်အယ်လ်ဒီက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ နိုင်တာရယ်၊ သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပြုတာရယ်စတဲ့ အချက်တွေကြောင့် ရွေးကောက်ပွဲမ၀င်ခဲ့ဘူး။
လာကပေါ် – အင်းဟုတ်တယ်။ အန်အယ်လ်ဒီနည်းတူ မဟာမိတ်ဖွဲ့ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ တွေကလည်း ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ကြဘူး။
အောင်ကျော် – ဟုတ်တယ်၊ SNLD ကလည်း အလားတူပဲ၊ သူတို့ ခေါင်းဆောင်တွေကို နှစ်ရှည် ထောင်ချ ထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဘူး။ ဒီတော့ ပါတီကို ဖျက်ရင်ဖျက် ရွေးကောက်ပွဲမ၀င်ဘူး ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာ။ အဲဒါဟာ SNDP ပေါ်ပေါက်လာဖို့ အခြေအနေပဲ။
လာကပေါ် – အင် ဆက်ပါဦး။
အောင်ကျော် – အဲတော့ စစ်အစိုးရက ဘယ်လိုဖြစ်ဖြစ် ရွေးကောက်ပွဲ လုပ်တော့မယ်။ ဘယ်လိုဖြစ်ဖြစ် အဲဒီ လွှတ်တော်ထဲမှာ ရှမ်းတွေကို ကိုယ်စားပြုမယ့် အမတ်တွေလည်း ရှိသင့်တယ်ဆိုပြီး SNDP ဆိုတာ ဖွဲ့ခဲ့ကြတာ။ အတွင်းသတင်းတွေအရ အကျဉ်းထောင်ထဲရှိနေတဲ့ SNLD ခေါင်းဆောင်တွေ ကိုယ်တိုင်က  SNDP ပါတီဖွဲ့တာကို အားပေးခဲ့တယ်လို့ ဆိုတယ်။
လာကပေါ် – အဲဒါ ခင်ဗျား အတည်ပြုနိုင်လို့လား။
အောင်ကျော် – နှစ်ဖက်ခေါင်းဆောင်တွေ တရားဝင် ၀န်ခံတာတော့ မရှိသေးဘူးလေ။ ဆိုပါတော့ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ  SNDP ပါတီက ပြည်ထောင်စုအဆင့် လွှတ်တော်၂ ခုမှာ အမတ် ၂၁ နေရာ နိုင်တယ်။ ပြည်ခိုင်ဖြိုးပြီးရင် အမတ်နေရာ အများဆုံး၊ အရင် မဆလ ပါတီကို ဆက်ခံတဲ့ တစည ပါတီထက်ရော၊ အရင် အန်အယ်လ်ဒီ ခေါင်းဆောင်တချို့ ဖွဲ့ထားတဲ့ အန်ဒီအက်ဖ် ပါတီတွေ ထက်ပါ ပြည်ထောင်စုအဆင့်မှာ အမတ်နေရာ ပိုများတယ်။ ရှမ်းပြည်နယ် ထဲမှာတော့ အမတ်နေရာ ၅၀ ကျော်ရတဲ့ ပြည်ခိုင်ဖြိုး ထက်တော့ အမတ်ဦးရေ နည်းတယ်။ ဘာပဲဖြစ်ဖြစ် အင်အားကြီး တိုင်းရင်းသား ပါတီတစ်ခု ဖြစ်လာတာပဲ။
လာကပေါ် – ဆိုတော့ ခင်ဗျား ဘယ်လို သုံးသပ်လဲ။
အောင်ကျော် – ဒါက အထူးအဆန်းတော့ မဟုတ်ဘူးဗျ။ အလားတူ ပုံစံတူ အဖြစ်မျိုး မွန်ပြည်နယ်မှာ လည်း ဖြစ်တာပဲ။ ရှမ်းတွေလိုပဲ မွန်မှာလည်း ဥပဒေ ဘောင်ထဲမှာ တရားဝင် မွန်ပါတီ ၂ ခု ဖြစ်လာပြီ။ တစ်ခုက ၁၉၉၀ ရွေးကောက်ပွဲဝင် တိုက်ပွဲဝင်ပါတီ၊ နောက်ပါတီတစ်ခုကတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲဝင် အမတ်တချို့ အနိုင်ရ၊ တချို့ကို ပြည်နယ် အစိုးရအဖွဲ့မှာ ပြည်နယ် ၀န်ကြီးတောင် ခန့်ထားတယ်။ မွန်ပြည်သူ ရဟန်းရှင်လူ တွေကတော့ အဲဒီ မွန် ၂ ပါတီကို ပေါင်းစည်း စေချင်တယ်။ ဖိအားလည်း ပေးတယ်။ အဲတော့ ညှိကြတယ်။ ဒါပေမဲ့ အဆင်မပြေနိုင်သေးဘူး။ အဲဒီမှာ ၂၀၁၀ အနိုင်ရ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း ကျွန်တော့်ကို ပြောပြဖူးတာ သတိရတယ်။ သူပြောတာက မွန် ၂ ပါတီ ပေါင်းစည်းရေးမှာ သူ့ပါတီထဲက အမတ်ဖြစ်နေသူ၊ အစိုးရ၀န်ကြီး ဖြစ်နေသူတွေကြောင့် ခက်နေတယ်လို့ ညည်းညူဖူးတယ်။
လာကပေါ် – သြော်.. အဲလိုလား။
အောင်ကျော် – အဲလိုပေါ့ဗျာ။
လာကပေါ် – ဆိုတော့ ရှမ်းပြည်နယ်မှာ အဓိက ရှမ်းပါတီတွေ အဲလို ကွဲပြားနေတာ ကောင်းမလားဗျ။
အောင်ကျော် – ကောင်းတော့ မကောင်းဘူး၊ဒါပေမဲ့ ဒါကလည်း သဘာဝပဲ။ ရှမ်းပြည်နယ်ရဲ့ သမိုင်းကိုက ထူးခြားတယ်။ ပါတီတွေကများတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေက များတယ်။ တချို့ ရှမ်းခေါင်းဆောင် တွေဆိုရင် အဲလို ကွဲပြားနေတာ မကြည့်နိုင်လို့ ပါတီချင်း၊ တပ်ဖွဲ့ချင်း ပေါင်းစည်းဖို့ အမြဲတမ်း ကြိုးစားတာ တွေ့ရတယ်။ဘယ်လောက်တောင်လည်းဆို အသက်တောင်ရင်းပြီး ညီညွတ်ရေးအတွက် ကြိုးစားကြတယ်။ ခင်ဗျားသိလား၊ သေသွားတဲ့ ဘိန်းဘုရင်ဟောင်း ခွန်ဆာရဲ့ တပ်ဖွဲ့လက်ချက်နဲ့ လုပ်ကြံခံရလို့ သေသွားရတဲ့ ရှမ်းခေါင်းဆောင်တွေ မနည်းဘူးဗျ။ အများစုဟာ ရှမ်းတွေ ညီညွတ်ရေးအတွက် ကြိုးစားရင်းကျဆုံးသွားကြတာ။ တော်လှန်ရေးအတွက် အသက်ပေး သွားရတာ။
လာကပေါ် – သြော် အဲလိုလား။ ဆိုတော့ ရှမ်းပြည်မှာ ရှမ်းနိုင်ငံရေး ဘာဆက်ဖြစ်လာနိုင်မလဲ။
အောင်ကျော် – ပါတီတွေ ပေါင်းနိုင်တာ မပေါင်းနိုင်တာ ဘာမှ အရေးမကြီးဘူးလို့ ကျွန်တော် ထင်တယ်။ ဒီ ပြည်မမှာဆိုလည်း အခုဆို ပါတီပေါင်း ၆၀ ကျော်လောက်ပြီ ထင်တယ်။ ဟိုးအရင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပတုန်းကဆို ပါတီပေါင်း ၁၀၀ ကျော်ရှိတယ်။ ပြည်သူတွေဟာ သူတို့စိတ် သူတို့အတွေးတွေထဲမှာ အမျိုးပေါင်း ၁၀၀ ကျော်ေ၀၀ါးမသွားဘူးဗျ။
လာကပေါ် – ပြောစမ်းပါဦး ဘယ်လိုဖြစ်မလဲ။
အောင်ကျော် – ကျွန်တော်တို့ ပြည်သူတွေမှာ ၂ ခုပဲ ရှိတယ်။ အဖြူလား၊ အမည်းလား၊ လူဆိုးလား၊ လူကောင်းလား၊ အဲဒါပဲ။ ရှမ်းပြည်နယ်မှာလည်း ပါတီ ၂ ခုဖြစ်ဖြစ် ၃-၄ ခုဖြစ်ဖြစ် ရှမ်းပြည်သူတွေ ကွဲကွဲပြားပြား သိနေတယ် ထင်ပါတယ်။
လာကပေါ် – အဖြူလား၊ အမည်းလား၊ လူဆိုးလား၊ လူကောင်းလား၊ ကိုယ်ကျိုးရှာနေ သူတွေလား၊ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ပေးမယ့် သူလား၊ လူကောင်းကို ပြည်သူတွေ အတွက် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံသူကို ထောက်ခံကြမယ်ပေါ့ အဲလိုပြောမလို့ မဟုတ်လား။
အောင်ကျော် – အမှန်ပေါ့ဗျာ။



Sae Hark Maine (SSDA)
ShanStateDefenceArmy

>>> Thank You, You come read and visit kha <<<
Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts