ဖက်ဒရယ်တပ်မတော်ဆိုတာ




“တိုင်းပြည်ရဲ့ ကာကွယ်ရေးတပ်မတော်ဖြစ်တာကြောင့် တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ပါဝင်ချင်တယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ကာကွယ်ရေးစနစ်ကို လိုလားတယ်”

တပ်မတော်ဖွဲ့စည်းပုံလေ့လာလိုသူများအတွက် အိန္ဒိယတပ်မတော်သည် လေ့လာရန်အကောင်းဆုံးပုံစံဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူကဆိုသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားမှုများ ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့သည်။

တိုင်းရင်းသားပြည်သူအားလုံးက လိုလားခဲ့ကြသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ယခင် အာဏာရှင်အစိုးရအဆက်ဆက် လက်ထက်တွင် ပွင့်လင်းစွာဖော်ထုတ်ခွင့်မရဘဲ ယခုနှစ်ပိုင်းတွင်မှ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရရှိလာခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၃ ဒီဇင်ဘာလဆန်းက ကျင်းပပြီးစီးခဲ့သော လိုင်ဇာညီလာခံအပြီး ဖက်ဒရယ်တပ်မတော် (ပြည်ထောင်စုတပ်မတော်)နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးမှု ခပ်စိပ်စိပ်ဖြစ်လာသည်။

တိုင်းရင်းသားအဖွဲ့အစည်းများ အစဉ်တစိုက်တောင်းဆိုခဲ့ကြသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းရေးနှင့်အတူ အရေးကြီးသော အကြောင်းအရာတစ်ခု ဒွန်တွဲပါဝင်လာခဲ့သည်။ ယင်းအကြောင်းအရာမှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အချိန်ယူညှိနှိုင်းရမည်ဟု သုံးသပ်နေကြသော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးပင်ဖြစ်သည်။

ပြည်ထောင်စုစနစ် (Federation) ဆိုသည်မှာ သီးခြားလွတ်လပ်ခွင့်ရှိသည့် အမျိုးသားပြည်နယ်များ (သို့) ပြည်ထောင်များက သီးခြားစီဖြင့် အမျိုးသားနိုင်ငံတော်မထူထောင်ဘဲ မိမိတို့ နယ်မြေဒေသများကို လွတ်လပ်သော ဆန္ဒသဘောထားအတိုင်း ပူးပေါင်းစုစည်း၍ ပြည်ထောင်စုနိုင်ငံတော်တစ်ခုကို အတူတကွတည်ထောင်သည့်စနစ်ပင်ဖြစ်သည်။

ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားလူမျိုး အားလုံးစုပေါင်းတာဝန်ယူ ထမ်းဆောင်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုတပ်မတော်တွင် တိုင်းရင်းသားလူမျိုးများ၏ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် စုပေါင်းတာဝန်ယူထမ်းဆောင်ခြင်းသည်သာ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် နိုင်ငံတစ်ခုအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဖက်ဒရယ်စနစ် လေ့လာသူများက သုံးသပ်သည်။

“တိုင်းပြည်ရဲ့ ကာကွယ်ရေးတပ်မတော်ဖြစ်တာကြောင့် တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ပါဝင်ချင်တယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ကာကွယ်ရေးစနစ်ကို လိုလားတယ်”ဟု ဖက်ဒရယ်တပ်မတော်တွင် ပါဝင်လိုသော တိုင်းရင်းသားများ၏ရည်ရွယ်ချက်ကို ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း UNFC ခေါင်းဆောင်များနှင့် နိုဝင်ဘာလနှောင်းပိုင်းက ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လိုလားနေသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကို လက်ခံကြောင်း ပြောကြားထားသည်။

လက်ရှိတပ်မတော်မှာ ဖက်ဒရယ်မဖြစ်သေးဟုဆိုနေချိန်တွင် တပ်မတော်မှတာဝန်ရှိသူများကမူ လက်ရှိတပ်မတော်မှာ ဖက်ဒရယ်တပ်မတော်ဖြစ်နေပြီဟုဆိုသည်။

မြန်မာ့တပ်မတော်မှ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ဆင်ရေးထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက လက်ရှိတပ်မတော်သည် ပြည်သူလူထုထဲမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ်ပြီး တပ်မတော်အဆင့်မြင့်အရာရှိများတွင် မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားပေါင်းစုံပါဝင်ကြောင်း 7Day Daily နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားသည်။

လက်ရှိမြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလဆန်းကသွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြောကြားထားသည်။

အင်အားငါးသိန်းခန့်ရှိသော မြန်မာ့တပ်မတော်တွင်မူ တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ခွင့်မှာ အလွန်နည်းပါးပြီး ကန့်သတ်မှုများကိုသာ အမြဲကြုံတွေ့နေရသည်။ တပ်မတော်အရာရှိများကို မွေးထုတ်ပေးနေသော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတွင် ဗိုလ်လောင်းအရေအတွက်ကို ၂၀၀၃ -၂၀၀၄ ခုနှစ်ခန့်မှစတင်ပြီး ၂၅၀၀ နှင့် ၃၀၀၀ ကြား ခေါ်ယူခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်မှစ၍ အရေအတွက်ကိုလျှော့ချကာ ဗိုလ်လောင်းအရေအတွက် ၅၀၀ ခန့်သာ ခေါ်ယူခဲ့သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတွင် တိုင်းရင်းသားအရေအတွက် ခွဲခြားလက်ခံမှုများမရှိဘဲ မြန်မာနိုင်ငံသား မည်သူမဆို လက်ခံလျက်ရှိသည်ဟုဆိုသည်။ သို့ရာတွင် ဘာသာရေးနှင့် ပတ်သက်ပြီး ကန့်သတ်မှုမျိုးတော့ရှိကြောင်း တပ်မတော်အသိုင်းအ၀ိုင်းနှင့်နီးစပ်သူများက ဆိုသည်။

“တပ်မတော်အရာရှိကြီးတွေထဲမှာတော့ တိုင်းရင်းသားသိပ်မရှိဘူးဗျ။ မရှိဘူးဆိုတာက ဗိုလ်လောင်းမှာလည်း လျှောက်တဲ့တိုင်းရင်းသားတွေနည်းတော့ အပေါ်ရောက်လာတဲ့အခါ နည်းသွားတဲ့သဘောပါ”ဟု အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက သူ၏အတွေ့အကြုံကိုပြောပြသည်။

လက်ရှိပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်တွင် တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသော အရာရှိများကို လေ့လာကြည့်ပါကလည်း ဆယ်ပုံတစ်ပုံခန့်သာ တိုင်းရင်းသားများဖြစ်ကြောင်း တွေ့ရှိရသည်။

လက်ရှိမြန်မာ့တပ်မတော်၌ တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးကြီးနှင့် အထက်အရာရှိကြီးအဆင့်တွင် တိုင်းရင်းသားစစ်စစ်များ ပါဝင်နေသော်လည်း ရာခိုင်နှုန်းဖြင့် အချိုးချကြည့်ပါက နည်းပါးလွန်းကြောင်း တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းမှ ဆိုသည်။

နိုင်ငံတကာတွင် ဖက်ဒရယ်တပ်မတော်စနစ်ကို အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီပြည်ထောင်စုသမ္မတနိုင်ငံ (Fedral Republic of Germany)တို့တွင် တွေ့ရှိနိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင် စစ်တပ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များမှ Volunteer စနစ်ဖြင့် အမှုထမ်းသည့်စနစ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန်တပ်မတော်ကို အမြဲတမ်းတပ်ဖွဲ့၊ အရန်တပ်ဖွဲ့၊ နိုင်ငံတော်လုံခြုံရေးတပ် ပုံစံသုံးမျိုးဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံတော်လုံခြုံရေးမှလွဲ၍ အမြဲတမ်းစစ်တပ်နှင့် အရန်စစ်တပ်တို့ကို ဖက်ဒရယ်စနစ်ဖြင့် ကျင့်သုံးထားခြင်းဖြစ်သည်။

ကွဲပြားခြားနားသည့် တပ်မတော်ဖွဲ့စည်းပုံ ပုံစံမျိုးကို လေ့လာလိုသူများအတွက် အိန္ဒိယတပ်မတော်သည် အကောင်းဆုံးပုံစံတစ်ခုဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာပညာရှင် ဘာတေးလ်လင့်တနာကသုံးသပ်သည်။

“အိန္ဒိယပုံမှန်တပ်မတော်မှာ တိုင်းရင်းသားတပ်ရင်းကြီးတွေရှိတယ်။ ဒါပေမဲ့ သူတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေပေါင်းစည်းထားတဲ့ အုပ်ချုပ်မှုအောက်မှာပဲရှိတယ်”ဟု ဘာတေးလ်လင့်တနာကပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ် (BGF)အဖြစ် ဖွဲ့စည်းစေခြင်းသည် မှားယွင်းပြီး ဖက်ဒရယ်စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ မည်သည့်တိုင်းပြည်မဆို နယ်စပ်လုံခြုံရေးသည် ဗဟိုအစိုးရတာဝန်သာဖြစ်သည်ဟု ဘာတေးလ်လင့်တနာက ဆက်လက်သုံးသပ်သည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် အဓိကအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ထောက်ပြပြောဆိုကြသည်။

“အခြေခံဥပဒေအရ တိုင်းပြည်ဖက်ဒရယ်ဖြစ်မှ တပ်ကလည်း ဖက်ဒရယ်တပ်မတော်ဖြစ်လာမှာ”ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုများ စုပေါင်းဖွဲ့စည်းခဲ့သော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDCC) မှ ပြုစုခဲ့သော ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)တွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် မည်သည့်အချိန်အခါမဆို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင်ရှိရမည်၊ ကာကွယ်ရေးဝန်ကြီးသည် အရပ်ဘက်ဆိုင်ရာပုဂ္ဂိုလ်ဖြစ်ရမည်၊ ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များအတွင်း လူမျိုး၊
ဘာသာ၊ အသားအရောင်၊ လိင်အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမရှိစေရဆိုသည့်အချက်များ ပါဝင်သည်။

ဖက်ဒရယ်စနစ်ရေးဆွဲရာတွင် စစ်တပ်မှ နိုင်ငံတော်ကိုသိမ်းယူခဲ့သော အကြောင်းပြချက်ဖြစ်သည့် ခွဲထွက်ခွင့်အပိုဒ်ကိုမူ ယခုအချိန်ကာလမျိုးတွင် ချန်လှပ်ထားသည်။ ယခုအခါ ခွဲထွက်ခွင့်ထက် ခွဲထွက်ခွင့်၏ အနှစ်သာရဖြစ်သော ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ရှိစေမည့် အခြေခံဥပဒေရေးဆွဲခြင်းသည်သာ ပြည်သူများအတွက် အကောင်းဆုံးဖြစ်သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းရေးသားသော တိုင်းရင်းသားလူမျိုးလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ်စာအုပ်တွင် ဖော်ပြထားသည်။

အစိုးရခွင့်ပြုချက်ဖြင့် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော လိုင်ဇာညီလာခံတွင်လည်း လက်ရှိတပ်မတော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင်ထားရှိရန်၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းသွားရန်တို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သဘောတူညီခဲ့ကြသည်။

၂၀၁၃ ခုနှစ်ကုန်နီးပါးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးပွဲတွင်လည်း ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေးသွားကြရန် သဘောတူညီမှုရရှိခဲ့ကြသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု ရည်မှန်းနေသည်က ဦးစွာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်။ ထို့နောက် နိုင်ငံရေးဆွေးနွေးပွဲများတွင်မှ ပြည်ထောင်စုတပ်မတော်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်တပ်မတော်က တစ်နေ့တွင် အဓိကဆွေးနွေးရမည့်အကြောင်းအရာ ဖြစ်လာမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် သမိုင်းမှတ်တမ်းဝင်နေသော မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များကဆိုသည်။

“ချက်ချင်းဝုန်းဒိုင်းနဲ့တော့ မရသေးပါဘူး။ နှစ်ဖက်ညှိနှိုင်းတိုင်ပင်ပြီး ဆက်လုပ်ရမှာပါ”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကလည်း နိုဝင်ဘာ ၂၄ ရက်တွင် 7 Day News နှင့် အင်တာဗျူး၌ ဖက်ဒရယ်တပ်မတော်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောသည်။

“ဖက်ဒရယ်တပ်မတော်ဆိုတာ အဓိပ္ပာယ်မဖွင့်ရသေးဘူး။ အဓိပ္ပာယ်မဖွင့်ရသေးဘဲနဲ့ ပြောတဲ့အခါကြတော့ တပ်မတော်ပိုင်းကလည်း လုံခြုံရေးကို အဓိကထားတဲ့အတွက် ဒါကိုစိုးရိမ်တယ်။ ဟိုတစ်နေ့က ချင်းမိုင်မှာ ဦးဇော်အေးမောင် အင်တာဗျူးမှာပြောသွားတဲ့ စကားလေးကြားလိုက်ရတော့ တော်တော်ဝမ်းသာသွားတယ်။ သူတို့ပြောတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာ အရင်တုန်းက ဗမာ့တပ်မတော်မှာရှိတဲ့ တိုင်းရင်းသားတပ်ရင်းတွေရှိတယ်။ ကချင် (၁)၊ ကချင်(၂)၊ ကချင် (၃)၊ ချင်း(၁)၊ ချင်း (၂)၊ ကယား(၁) ဒီလိုတပ်ရင်းတွေကို ပြောတာပါဆိုတော့ အရင်တုန်းကလည်းရှိခဲ့ပြီးသား။ ဒါဘာမှခက်တာမဟုတ်ပါဘူး။ ဒါဖက်ဒရယ်တပ်မတော်ပဲလေ။ တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်မဖွင့်ဘဲနဲ့ ကြောက်နေကြတာ”

 

Sae Hark Maine
ShanStateDefenceArmy
 
Share:

INTRODUCE OF MY SECOND BOOK

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts