ထားဝယ်ရာဇ၀င်အကျဉ်း (ရွှေဝယ်ဧ)



ထားဝယ်ခေါ်တွင်ခြင်း အရင်းအစ
    ရှင်တော်ဗုဒ္ဓ(၁၁)၀ါအရတွင် ယခုထားဝယ်မြို့မှ အရှေ့မြောက်ဖက် (၁၂)မိုင်အကွာ ကျောက်ထောင့်ရွာအနီးရှိ ဝေမိဿ ကတောင်(ယခု ကနန်းတောင်)ခေါ်သည့်တောင်ထိပ်၌ ဒေသစာရီကြွချီတော်မူလာပြီး ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်ကို အ စွဲပြု၍ ယွန်း၊ ရှမ်း၊ ယိုးဒယားတို့ဘာသာဖြင့် “ထ၀ှာ”ဒေသကို “ထားဝှယ်တိုင်း”ဟုတွင်လေသည်။ နှောင်းအခါ အခေါ်ရွေ့လျော လာသဖြင့် “ထားဝယ်”ဟူ၍ ခေါ်ဝေါ်ကြသည်မှာ ယနေ့တိုင်ပင်။

    ယင်းအခါက ယင်းဒေသ၌ ပထမဦးစွာ မြန်မာ၊ ယွန်း၊ ရှမ်းတို့ ရောပြွမ်းလျက် လုပ်ကိုင်စားသောက် နေထိုင်ကြလေ သည်။

    ယင်းနောက် မြန်မာတို့ အဆက်အနွယ်ဖြစ်သည့် “နရုတိမင်း”သည် ယခု ထားဝယ်မြို့မှ မြောက်ဖက်  (၄၇)မိုင်အကွာ ၌ အောင်သာဝတီမြို့ (ယခု ကလိန်အောင်ရွာ)ကို တည်ထောင်၍ အုပ်စိုးလေသည်။

    ကောဇာသက္ကရာဇ် ၉၄ ခုနှစ်တွင် “နရိန္ဒမင်း”လက်ထက် အောင်သာဝတီမြို့မှ ပြောင်းရွှေ့ကာ ယခု ထားဝယ်မြို့မှအ ရှေ့မြောက်ဖက် (၁၀)မိုင်ခန့်အကွာတွင် “ဘူမိဒေ၀နဂရမြို့သစ်”ကို တည်ထောင်အုပ်စိုးလေသည်။

    ကောဇာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ယင်းဘူမိဒေ၀နဂရမြို့မှတဖန် ပြောင်းရွှေ့၍ မနီးမဝေးဒေသ၌ပင် (ယခု “ပကာရီ ရွာ”ဟုခေါ်သည့်သတ္တုတွင်းဒေသ)၌ “မှိုင်းကာရီမြို့သစ်”ကို ရှမ်းမြို့စားတစ်ဦး တည်ထောင်၍ အုပ်စိုးပြန်လေသည်။

    ကောဇာသက္ကရာဇ် ၂၇၆ ခုနှစ်တွင် ရှမ်းအမတ်ကြီး “သြရာဂလုံ”သည် ထားဝယ်မြစ်အနောက်ဖက်ကမ်းရှိ (ယခု “မြို့ ဟောင်းရွာ”ခေါ်သည့်)သာဂရမြို့ကို လာရောက်တိုက်ဖျက်ပြီး (ယခု ထားဝယ်မြို့မှမြောက်ဖက် ၃ မိုင်အကွာ (“ဆင်ဆိပ်ရိပ်” ဒေသ၌ “ညောင်ခရားမြို့”ကို တည်ထောင်အုပ်စိုးခဲ့ရာ မင်း(၆)ဆက်တိုင် ဖြစ်လေသည်။ ယင်းနောက် ကောဇာသက္ကရာဇ် ၃၅၇ ခုနှစ်မှ ၄၃၈ ခုနှစ်အထိ မွန်များ လာရောက်တိုက်ဖျက်၍ အုပ်စိုးပြန်လေသည်။

    ယင်းသို့ဖြင့် ထားဝယ်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတို့ကို မြန်မာ၊ ယွန်း၊ ရှမ်းနှင့်မွန်များ သူတပြန် ငါတလှည့် တိုက် ဖျက်၍ အုပ်စိုးကြရာမှ...

    “ဥသြအော်သည်၊ ထားဝယ်တည်”ဟူသော နံသင့်အက္ခရာ အမှတ်သင်္ကေတအရ...
   
    ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပေါင်းလဆန်း(၁၃)ရက်၊ စနေနေ့တွင် (ယခု ထင်ရှားရှိသည့်ထားဝယ်မြို့နေရာ)၌ “သာယာဝတီမြို့”ဟု သမုတ်လျက် မြို့သစ်တည်၍ “မင်းနဲလှ”အုပ်စိုးလေသည်။

    လွန်ခဲ့သော ၁၃၁၆ ခုနှစ်၊ တပေါင်းလဆန်း (၁၃)ရက်နေ့တွင် ထားဝယ်မြို့တည်သည့်အနှစ်(၂၀၀)ပြည့်အထိမ်းအမှတ် ပွဲကို ပွဲလမ်းသဘင်များနှင့်(၃)ရက်တိုင်တိုင် ကျင်းပလေရာ ရန်ကုန်မြို့မှ နာမည်ကျော် ကွက်စိပ်ဆရာကြီး “ဒဂုံဆရာတင်” လည်း လာရောက်၍ ကွက်စိပ်ပြောလေသည်။

    ကောဇာသက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် အလောင်းမင်းတရားကြီးဦးအောင်ဇေယျသည် မွန်ဒေသကို အောင်နိုင်ပြီးနောက် ယိုးဒယားသို့ စစ်ချီစဉ် ထားဝယ်စစ်ကြောင်းချီတပ်က ထားဝယ် သာယာဝတီမြို့ကို အောင်နိုင်သဖြင့် မင်းနဲလှကို ကွပ်မျက်ပြီး မြို့ဝန် “ဒေ၀ဒိဗ္ဗ”ကို အုပ်ချုပ်ထားခဲ့စေလေသည်။

    (အလောင်းမင်းတရားကြီးဦးအောင်ဇေယျသည် ယိုးဒယားသို့စစ်ချီရာ လမ်းခရီးတွင် နာဖျား၍ အနိစ္စရောက်ရှာရသဖြင့် ယိုးဒယားချီတပ် ပြန်လည်တပ်ခေါက်ခဲ့ရလေသည်။)

    ဘကြီးတော်မင်းတရားလက်ထက် အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်၍ အင်္ဂလိပ်စစ်တပ်များသည် ကောဇာသက္ကရာဇ် ၁၁၈၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပထမတိုက်ခိုက်သိမ်းယူပြီးနောက် ယင်းနှစ် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ “ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့”တွင် ဒုတိယမြောက် ထားဝယ်မြို့ကို လာရောက်သိမ်းယူလိုက်လေသည်။

    အင်္ဂလိပ်များ ထားဝယ်ကို သိမ်းယူပြီးလျှင် ယခုမြို့လယ်ရှိ ရုံးကြီး တည်ဆောက်ထားသည့်ဘုရားကုန်း၌ ဘုရားစေတီ နှင့်သိမ်များကို ဖြိုဖျက်ကာ မြေဖို့ညှိလျက် ခရိုင်ဝန်ရုံးကြီး တည်ဆောက်ထားသည်မှာ ယခုမျက်မြင်အတိုင်းပင်။

    ယင်းရုံးကြီးနှင့်မနီးမဝေးနေရာများတွင် မြူနီစီပယ်ရုံး၊ ဂါတ်ဌာန၊ ဈေးကြီး၊ အထက်တန်းကျောင်းကြီးများ ရှိလေသည်။ ဆေးရုံကြီးကား ရုံးကြီးမှ အရှေ့ဖက် တစ်မိုင်ခန့်အကွာ ရှမ်းမလည်ဆွဲရပ်၌ ရှိလေသည်။

    ယင်းနှင့်မနီးမဝေးရုံးကြီးမှ ၂ မိုင်ကျော်ခန့်အကွာ ကျောက်မော်ရပ်နှင့်ကျောက်မော်ကြီးရပ်များတွင် ထောင်ကြီးနှင့်စစ် တပ်များ ရှိလေသည်။ ယင်းစစ်တပ်အနီး၌ ဘော်လုံးကွင်းနှင့်လေယာဉ်ကွင်းများ ရှိလေသည်။

    ရုံးကြီးမှ မြောက်ဖက်တစ်မိုင်နီးပါးခန့်အကွာ ရှေးခေတ်က ကျွဲတိုက်ပွဲများ ကျင်းပရာဖြစ်သည့်ကျွဲတိုက်ပြင်မြေကွက်၌ ယခုအခါ လျှပ်စစ်ဓာတ်မီးစက်ရုံကြီး ဆောက်လုပ်ထားရှိလေသည်။

    ရုပ်ရှင်ရုံကား (၁)ရွှေဝယ်သီရိရုံ၊ (၂)နှင်းရုံ၊ (၃)နယူးလိုက်ရုံ ပေါင်းသုံးရုံ ရှိလေသည်။ မြို့လယ်၌ပင် ရွှေတောင်စားစေတီ တော်ကြီးနှင့်မဟာမြတ်မုနိရုပ်ပွားတော်။ ၂၇ တောင်အမြင့် ဉာဏ်တော်ရှိ ရပ်တော်မူရုပ်ပွားတော်၊ ရဟန္တာသမုတ်သိမ်နှင့် ကျောင်းတိုက်များ ရှိလေသည်။

    ထားဝယ်မြို့ မြူနီစီပယ်၏အကျယ်အ၀န်းမှာ အနောက်ဖက် ထားဝယ်မြစ်ဆိပ်ကမ်းမှ အရှေ့ဖက်လေယာဉ်ကွင်းအစပ် အထိ သုံးမိုင်။

    တောင်ဘက် ကြက်စားပြင်ရပ်ကွက်မှ မြောက်ဖက် ဆင်ဆိပ်ရပ်ကွက်ကမ်းနားအထိ လေးမိုင်အကျယ်အ၀န်းရှိလေ သည်။ ထားဝယ်တစ်ခရိုင်လုံး၏နယ်နိမိတ်မှာ...

    မြောက်ဖက်၌ မော်လမြိုင်ခရိုင်၊
    တောင်ဖက်၌ မြိတ်ခရိုင်၊
    အရှေ့ဖက်၌ ယိုးဒယားနယ်၊
    အနောက်ဖက် ဘင်္ဂလားအော်များ ဖြစ်လေသည်။

    ထားဝယ်ခရိုင်ကို မြို့နယ်(၄)ခု ခွဲထားလေသည်။
(၁)ထားဝယ်မြို့နယ်
(၂)လောင်းလုံးမြို့နယ်
(၃)သရက်ချောင်းမြို့နယ်
(၄)ရေဖြူမြို့နယ်များ ဖြစ်ကြလေသည်။

    (၁)ထားဝယ်မြို့နယ်ကို ထားဝယ်မြို့ပိုင်မင်း အုပ်ချုပ်၍ ထားဝယ်မြို့ပေါ်၌ ရုံးစိုက်သည်။ ထားဝယ်မြို့မ၌ ရဲဌာနတစ်ခု။ ၀ဲကျွန်ရပ်၌ ရဲဌာနတစ်ခု၊ ကျောက်မဲတောင်(သတ္တုတွင်း)ရွာ၌ ရဲဌာနတစ်ခု ရှိလေသည်။ စာပို့တိုက်မှာ မြို့ပေါ်၌ တစ်ခု။ ကျောက်မဲတောင်(သတ္တုတွင်း)ရွာ၌ တစ်ခုရှိလေသည်။

    (၂)လောင်းလုံးမြို့နယ်ကို အုပ်ချုပ်ရန် လောင်းလုံးမြို့ပိုင်မင်းသည် လောင်းလုံးမြို့၌ပင် ရုံးစိုက်၍ ၎င်းမြို့တွင်ပင် ရဲဌာ နတစ်ခုနှင့်စာပို့တိုက်တစ်ခုရှိလေသည်။ ယင်းလောင်းလုံးမြို့အပိုင် ထားဝယ်အငူစွန်းပေါ်၌ တည်ထားသော “ရှင်မော်စေတီ တော်”သည် ထင်ရှားကျော်စောလေသည်။ ၎င်းပြင် လောင်းလုံးမြို့မှအကွာ။ ထားဝယ်မြို့ပေါ်မှ ဆယ်မိုင်ကျော်အကွာ ထင်ရှား သည့်မောင်းမကန်ရေချိုးဆိပ် ရှိသည်။ လောင်းလုံးမြို့နယ်သည် ထားဝယ်မြို့မှ ၈ မိုင်ခန့်ကွာဝေးသည်။

    (၃) သရက်ချောင်းမြို့နယ်ကို အုပ်ချုပ်ရန် သရက်ချောင်းမြို့ပိုင်မင်းသည် သရက်ချောင်းမြို့တွင် ရုံးစိုက်၍ သရက် ချောင်းမြို့၌ ရဲဌာနတစ်ခု၊ ၀င်းဝရွာ၌ ရဲဌာနခွဲတစ်ခုနှင့်စာပို့တိုက်တစ်ခု ရှိသည်။ ယင်းသရက်ချောင်းမြို့ကား ရှင်တောင့်ပုံခြေ ရင်း၌ တည်ထား၍ ရှင်တောင့်ပုံတောင်ပေါ်ရှိ ရှင်တောင့်ပုံစေတီတော်သည် ထင်ရှားကျော်စောလေသည်။ ယင်းရှင်တောင့်ပုံ တောင်သည် ရှေးအခါက တောင်တက်လမ်း မတ်စောက်သဖြင့်...
    “တောင့်ပုံ တောင့်ပုံ ရှင်တောင့်ပုံ
    တောင့်ပုံမတ်စောက်၊ တက်မရောက်၊
    အောက်က ကွမ်းယာ၊ ရွှေပလားန၊ ပူဇော်ပါကိုလေ”ဟူ၍ ထားဝယ်ဒိန်းသံဖြင့် စပ်ဆိုထားရှိလေသည်။

    ၎င်းသရက်မြို့မှ တောင်ဘက် ပန်းတောရွာရှိ “ရွှေတောင်”ခေါ် တောင်သည်လည်း ထင်ရှားလေသည်။

အောင်ဇေယျသင်္ဘောဆိပ်
    ထားဝယ်မြစ်သည် မြို့တည်ရှိသည့်ဆိပ်ကမ်းနေရာ၌ တဖြည်းဖြည်း သောင်ထွန်း၍ ရေတိမ်သဖြင့် ပင်လယ်ကူးသင်္ဘော ကြီးများ မသွားမလာနိုင်ကြပဲ လှေသင်္ဘောငယ်များသာ သွားလာဝင်ထွက်ဆိုက်ကပ်နိုင်သောကြောင့် ပင်လယ်ကူးသင်္ဘောကြီး များသည် မြို့မှ(၁၇)မိုင်ခန့်အကွာ (၀ါ) ပင်လယ်ဝ(ထားဝယ်မြစ်ဝ)မှ မိုင်(၂၀)ကျော်ခန့်အကွာ “ဆင်ဖြူရှင်ရွာ”ဆိပ်ကမ်း၌သာ ဆိုက်ကပ်နိုင်ကြလေသည်။ ရန်ကုန်မှ မော်လမြိုင်၊ ထားဝယ်နှင့်မြိတ်မြို့များသို့ အစဉ်သွားလာနေသည့် “အောင်ဇေယျသင်္ဘော ကြီး”သည် လစဉ်မှန်မှန်ရောက်ရှိ၍ ဆင်ဖြူရှင်ဆိပ်ကမ်းဘောတံတားကြီးတွင် ဆိုက်ကပ်လေသည်။

    အောင်ဇေယျသင်္ဘောကြီးနှင့်အခြားရေယာဉ်များစီးသည့်ခရီးသည်များ ဆိပ်ကမ်းသို့ မရောက်မီ ခပ်လှမ်းလှမ်းမှ ဆိပ် ကမ်းနှင့် ၂ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည့်ရွှေတောင်နှင့်ရှင်တောင့်ပုံတောင်တို့၏သာယာဝေဆာသည့်ရှုခင်းနှင့်တောင် ထိပ်ပေါ်ရှိ သပ္ပါယ်လှစွာသောဘုရားစေတီများကို  ဖူးမြင်ရသဖြင့် အထူးပင်စိတ်ကြည်နူးဘွယ်ဖြစ်ပေသည်။ ၎င်းပြင် ရှင်တောင့်   ပုံတောင်ခြေရင်း၌ ဆောက်လုပ်ထားသည့်နေအိမ်တိုက်တာ ရုံး ရဲဌာန ကျောင်းစသည့်အဆောက်အဦများကိုလည်း ရှုမြင်ရ လေသည်။

    အောင်ဇေယျသင်္ဘောဆိုက်ကပ်လျှင် ယင်းသင်္ဘောဆိပ်လမ်းမှ ရေလမ်းဖြင့် မော်တော်ဘုတ်၊ စက်လှေများဖြင့်၎င်း၊ ကုန်းလမ်းမှ မော်တော်ကားဖြင့်၎င်း ထားဝယ်မြို့ပေါ်သို့ လာရောက်ကြလေသည်။

    မော်တော်ကားလမ်းဖြင့် သွားရလျှင် ဆင်ဖြူရှင်ဆိပ်ကမ်းရွာမှစ၍ ၂ မိုင်ခန့်အကွာ “ပန်းတောရွာ” ယင်းရွာမှစ၍ ရွာ ချင်းဆက်စပ်လျက် “သရက်ချောင်းမြို့” “ကျောက်မြောင်းရွာ” ‘‘မော်ရှည်ကုန်းရွာ” “ကဇီရွာ” “ပိန်းတောရွာ” “ပန်းပြင်ရွာ” “သ ရက်နှစ်ခွရွာ” “သင်းကျွန်းရွာ” “ရန်တောင်ရွာ” “ညောင်စင်ရွာ” “ရွှေဂူချောင်းတံတားကြီး” နှင့် “ရွှေဂူတောင်” “ရှင်မုတ္ထီး”တန်ခိုး ကြီးဘုရား တည်ရှိသည့် “ရှင်မုတ္ထီးရွာ” “ကနိုင်းတောရွာ” “အလယ်ကုန်းရွာ” “ကူးတို့ရွာ” “ကျောက်ရပ်ရွာ” “ပေါက်တိုင်းချောင်း တံတားကြီး”ကို ဖြတ်၍ ထားဝယ်မြို့ပေါ်သို့ ရောက်ရှိလေသည်။
    (ယင်းလမ်းမှာ ထားဝယ်မှ မြို့မြို့အထိ သွားသော မော်တော်ကားလမ်းမကြီး ဖြစ်လေသည်။)

    ထားဝယ်မြို့မှ သရက်ချောင်းမြို့သည် ၁၅ မိုင်ကွာဝေးသည်။ (၄)ရေဖြူမြို့နယ်ကို အုပ်ချုပ်ရန် ရေဖြူမြို့ပိုင်မင်းသည် ထားဝယ်မြို့မှ ၁၄ မိုင်ကွာသည့်ရေဖြူမြို့နယ်တွင် ရုံးစိုက်၍ ယင်းရေဖြူမြို့နယ်တွင် ရဲဌာနတစ်ခု၊ စာပို့တိုက်တစ်ခုနှင့်ကလိန် အောင်ရွာတွင် ရဲဌာနတစ်ခု၊ ကန်ပေါက်ရွာတွင် ရဲဌာနတစ်ခုနှင့်စာပို့တိုက်တစ်ခု ထားရှိလေသည်။

    ရေဖြူမြို့နှင့်ကလိန်အောင်ရွာသည် ထားဝယ်မြို့မှ ရေးမြို့သို့သွားသည့်မော်တော်ကားလမ်းတွင် ရှိ၍ ထားဝယ်မြစ်ဖျား ကိုဖြတ်၍ ဆောက်လုပ်ထားသော ကလိန်အောင်တံတားကြီးသည် ၁ ဖာလုံခန့်ရှည်၍ ထားဝယ်ခရိုင်တွင် အရှည်ဆုံးသောတံ တားကြီးဖြစ်လေသည်။

    ယင်းအပြင် ကလိန်အောင်ရွာကြီးသည် ထားဝယ်နှင့်ရေးမြို့သွားသည့် မော်တော်ကားလမ်းတွင် တစ်ဝက်ခရီးဖြစ်၍ မော်တော်များ ခေတ္တစခန်းချရပ်နားပြီး နေ့လယ်စာ ထမင်းဟင်း လဘက်ရည်များကို ခရီးသည်တို့ ၀ယ်ယူစားသောက်ကြလေ သည်။

    ထားဝယ်ခရိုင်အတွင်း ထင်ရှားတန်ခိုးကြီးသည့်ဘုရားစေတီများမှာ...

    ထားဝယ်မြို့ပေါ်နှင့်မြို့နယ်တွင်း ရွှေတောင်စားစေတီတော်ကြီး၊ လောကမာရဇိန်မဟာမြတ်မုနိရုပ်ပွားတော်၊ ရပ်တော် မူ ၂၇-တောင်အမြင့်ရှိ ရုပ်ပွားတော်ကြီး၊ ၁၈-တောင်ရပ်တော်မူရုပ်ပွားတော်ကြီးနှစ်ဆူ၊ သင်းချိုင်းကုန်းရှိ ကြက်သံဒိုင်းစေတီခေါ် (ကြက်မင်းစေတီ)။

    မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့်အလျားဉာဏ်တော် ၁၆၂-တောင်ရှိသော “လောကသရဖူလျောင်းတော်မူဆင်းတု တော်ကြီး” “ရှင်မုတ္ထီးဘုရားဆင်းတုတော်” “ရှင်ဓာတ်ဝဲစေတီတော်”

    လောင်းလုံးမြို့နယ်အပိုင် ထားဝယ်အငူစွန်းရှိ “ရှင်မော်စေတီတော်” “လက်ခတ်တောင်စေတီတော်”
    သရက်ချောင်းမြို့နယ်အပိုင် သရက်ချောင်းမြို့ရှိ ရှင်တောင့်ပုံတောင်ပေါ်၌ တည်ထားသော “ရှင်တောင့်ပုံစေတီတော်”
    ရေဖြူမြို့အပိုင် ကလိန်အောင်ရွာရှိ “ဆံတော်ရှင်စေတီတော်” နပုလယ်ရွာရှိ “စက်တော်ရာတစ်ဆူ”တို့ဖြစ်လေသည်။

    ထားဝယ်ခရိုင်မှ ထွက်ကုန်များမှာ...
    ဆန်စပါး၊ သံ၊ ခဲ၊ ကြက်ပေါင်စေး၊ (ကော်ပတ်)၊ သစ်၊ ၀ါး၊ ပိုးလုံချည်၊ ချည်လုံချည်၊ ငါးပိ၊ ငါးခြောက်၊ ဒူးရင်းယို၊ ကွမ်း သီးခြောက်၊ သားရေဘိနပ်၊ သီဟိုဠ်သရက်စေ့၊ ဆေးပေါ့လိပ်၊ ဓနိဖက်၊ ဓနိသကြား၊ တံမြက်စည်း၊ မြေအိုးမြေခွက် စသည်တို့ပင်

    မုံ့များမှာ...
    ငါးမုံ့၊ မုံ့ပြား၊ (မုံ့ပစ္စလက်)၊ မုံ့ဆား၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းကျည်တောက်၊ ကောက်ညှင်းစေ့၊ မုံ့ခွက်သား၊ မုံ့ ခွေသား၊ မုံ့ကလပဲ၊ မူခွာ၊ မုံ့လက်ကောက်၊ မုံ့ကြာရိုး၊ (မန်းမရွေး)၊ မုံ့ကြာသီး၊ မုံ့အုန်းနှောက်၊ မုံ့အုန်းသား၊ (မုံ့လုံးရေပေါ်)၊ မုံ့ဆီ။ ကတိုးခွာ၊ ဆီထမင်း၊ မုံ့ကြွပ်လိပ်၊ (မုံ့လေပွေ)၊ မုံ့ဖားလောင်း၊ (မုံ့လက်ဆောင်း)၊ မုံ့ကျွဲသဲ၊ ဘိတ်မုံ့၊ ထန်းမုံ့၊ မုံ့တီဟင်းခါး၊ မုံ့တီ လက်သုတ်၊ စသည်တို့ပင်...

    သံခဲထွက်သည့် သတ္တုထွက်သည့်(၀ါ)သတ္တုတွင်း(မိုင်း)ရှိသည့်အရပ်ဒေသများမှာ...
    ထားဝယ်နယ်မြောက်ဖက်တွင် ကန်ပေါက်ရွာ၊ အုန်းပင်ကွင်းရွာ၊ ပြင်ကြီးရွာ၊ ဖားချောင်းရွာ၊ ကလုံးထာရွာ၊ တလိုင်းယာ ရွာ၊ ဇပ်းဘာရွာများ ဖြစ်လေသည်။ တောင်ဖက်တွင် မယ်ကဲရွာနှင့်ပဲ့ရွာများ ဖြစ်လေသည်။ အရှေ့ဖက်ပိုင်းတွင် ပကာရီရွာ၊ ပိန်း နဲချောင်းရွာ၊ ကုလားချောင်းရွာ၊ သစ်ကတိုးရွာ၊ ဟာမြင့်ကြီးရွာ၊ မြေးခန္တီရွာ၊ ရှစ်ငုတ်ရွာ၊ သင်္ကန်းတုံးရွာ၊ ၀ကုန်းရွာ၊ ၀ပင်ရွာ၊ ကျောက်မဲတောင်ရွာ၊  တောင်သုံးလုံးရွာ၊ သစ်ခက်ချောင်းရွာ၊ ဆိပ်ဖြုန်းရွာ၊ မြေးခံပေါ်ရွာ၊ ညောင်ချောင်းရွာ၊ ကျောက်ဂူတောင် ရွာ၊ ဟိန္ဒားရွာ၊ ရွှေချောင်းရွာ၊ ဖွတ်လက်တိုရွာ၊ ၀စွမ်းချောင်းရွာ၊ ဖေါင်းတောရွာများ ဖြစ်လေသည်။
ရွှေဝယ်ဧ

မှတ်ချက်။    ။၁၉၇၁-ခုနှစ်၊ ဇွန်လထုတ် အမှတ်(၃၀၆) သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၅၉ မှ ၆၂ထိ)၌ လာရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။
http://shanstatedefencearmy.blogspot.com/
Share:

No comments:

Post a Comment

INTRODUCE OF MY SECOND BOOK

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts