ရှမ်းလူမျိုးတို့၏ရာသီပွဲများ
တစ်နှစ်တွင် ဆယ့်နှစ်လ ရှိသည့်အနက် ရှမ်းလူမျိုးများသည် သူ့လနှင့်သူ ရာသီပွဲများ သတ်မှတ် ထားရှိပေသည်။ ဗုဒ္ဓဘာသာကို အလွန်ရိုသေကိုင်းရှိုင်းကြသော လူမျိုးများဖြစ်သည့်အလျောက် ရာသီ အလိုက် ကျင်းပသော ပွဲများမှာလည်း ဘာသာရေးနှင့်ယှက်နွှယ်လျက်ရှိ၏။
    ယခုဖော်ပြသည့်ရှမ်းလူမျိုးတို့၏ရာသီပွဲများအကြောင်းသည် ပြီးပြည့်စုံသည်ဟုမယူဆစေလိုပါ။ ရှာဖွေစုဆောင်းမှတ် သားရသရွေ့သာ ဖြစ်၍ လိုအပ်ဖြည့်စွက်ရန် ရှိသည်များကို တတ်သိနားလည်သော ပညာရှင်များ ဆက်လက်ရေးသားကြရန်ကို လည်း မေတ္တာရပ်ခံလိုပါသည်။
    နတ်တော်လ(လိန်စိင်)။
    ပွဲလမ်းသဘင်အများဆုံးသော ရှမ်းလူမျိုးတို့၏နှစ်ဦးကာလ မြတ်သောလပေတည်း။    
          ကောက်သစ်များ ရိတ်သိမ်းသူ ရိတ်သိမ်းနေကြပြီ။ ရိတ်သိမ်းရန် ပြင်ဆင်သူများ ကလည်း ပြင် ဆင်နေကြချိန် ဖြစ်၏။ အချို့ကလည်း စပါးကျီသွင်း၍ တလင်းသိမ်းကြလေပြီ။ နတ်တော်လဆန်း(၁)ရက်နေ့ သည် နှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့်အတိုင်း နှစ်သစ်ကူးပွဲနှင့်ကောက်သစ်စားပွဲကို ကျင်းပကြ သည်။ ကောက်သစ်စားပွဲ ကျင်းပရာတွင် ပေါ်ဦးပေါ်ဖျား ကောက်သစ်ဆန်များဖြင့် ထမင်းထုပ်၊ ခေါ ပုတ်များ ပြုလုပ်ပြီး ရှေးဦးစွာ ဘုရားဆွမ်းတော်တင်ခြင်း၊ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်းပြု လုပ်ကြပြီးနောက် စပါးသီးနှံဆန်စပါးအဖြစ် ရောက်ရှိအောင် ထွန်ယက်ပေးသော ကျွဲနွားများကို ဂုဏ်ပြု
ကျေးဇူးဆပ်သောအနေနှင့် လူတို့မစားသောက်မီ စားဦးစားဖျား ထမင်းနှင့်ခေါပုတ်များကို အရင်ကျွေးမွေး ကြသည်။ ပြီးမှ သက်ကြီးရွယ်အိုများကို ကျွေးမွေးကန်တော့ကြသည်။ လူငယ်များ စုပေါင်း၍ တပျော်တပါး စားသောက်ခြင်း ပြုကြ၏။
    ရှမ်းပြည်နယ်အရှေ့ပိုင်းတိုင်းကမူ တစ်အိမ်လျှင် ဆန်အနည်းငယ်၊ ဟင်းအနည်းငယ်စီ ယူဆောင်လာကြပြီး အားလုံး စုပေါင်း၍ ထမင်းနှင့်ဟင်း ရောပြွမ်းချက်သည့်(ခေါက်တမွတ်း)ကို တပျော်တပါး စားသောက်ကြသည်။ ၎င်းနောက် ၀ိုင်းပတ်ကာ တစ်ဦးခြေလှမ်းကို တစ်ဦးက စီးချက်ဝါးချက်ဖြင့် လိုက်ကရသော (လာမ်းဝိန်း)ခေါ် ယမုံးကကို ၀ိုင်းဖွဲ့ကကြသည်။ ဤလ၌ ရှမ်း လူမျိုးတို့ အမြတ်တနိုးပြုကြသော (မောက်ကော်န်)(၀ါ)(မောက်စိင်)ခေါ် ချယ်ရီပန်းတို့ ပွင့်လန်းရာအခါသမယလည်း ချယ်ရီ ပန်းသည် အပွင့်မရှိခင်က အကျည်းတန်သော်လည်း ပန်းများပွင့်လာချိန်တွင် မျက်စိပသာဒတွင် ရှုမငြီးလှသည်ဖြစ်ရာ ပေါ်ဦး ပေါ်ဖျား ချယ်ရီပန်းများကို ဘုရားလှူရန်နှင့်ညောင်ရေအိုးထိုးရန်မှအပ ချိုးဖဲ့ဖျက်စီးခြင်း မပြုကြပေ။
    ရှေးအခါကာလက စော်ဘွားဟော်နန်းများ ဆောက်လုပ်ရာတွင် အထွတ်အမြတ်ဖြစ်သော ထုပ်တန်း(မိုက်ကွမ်)များကို ချယ်ရီသားများဖြင့် ထည့်သွင်းဆောက်လုပ်ရကြောင်း မှတ်သားရဖူး၏။ ရဟန်းသံဃာတော်များကလည်း တစ်နှစ်ပတ်လုံးပြစ် မှားမိခဲ့သမျှကို (ပွိုင်းဝါတ်)ခေါ် ၀တ်ဖြေပွဲ(၀ါ)အာပတ်ဖြေပွဲများကို တခမ်းတနား ပြုလုပ်ကြလေသည်။ ကောက်သစ်လည်း စ ပေါ်၊ လယ်ယာလုပ်ငန်းခွင်မှလည်း အားလပ်ချိန် ဖြစ်သည့်အလျောက် သေဆုံးသွားပြီဖြစ်သော မိမိတို့ဆွေမျိုးမိဘများ၊ အဖိုး အဖွားများအား ရည်စူး၍ ရပ်ဝေးရပ်နီးရှိ ဆွေမျိုးဉာတိများ စုပေါင်းလျက် သေဆုံးသွားသူများအတွက် ဆွမ်းကျွေးအမျှတမ်းဝေ ခြင်း၊ ပိဋကတ်စာပေလှူဒါန်းခြင်းများ ပြုကြ၏။
    ပြာသိုလ(လိန်ကမ်)။
    ရှောင်ကြဉ်သောလ(သို့မဟုတ်)(လိန်ကမ်)အထောက်အကူပြုသောလဟု ဆိုသည်။ ဤလတွင် မိမိတို့ ပိုင်ဥစ္စာပစ္စည်းများကို အပြင်သို့ထုတ်ခြင်း မပြုကြပေ။ စပါးကျီအတွင်းရှိ စပါးများကိုပင် ထုတ်ရောင်းချခြင်း၊ မီးဖိုမှပြာများသွန်ခြင်းနှင့်အိုးသစ် အိမ်သစ်ထူထောင်ခြင်းများကို ရှောင်ကြဉ်ကြရသည်။ ချမ်းအေးသော ဆောင်းကာလ ဟေမန္တရာသီဖြစ်သည်နှင့်အညီ သိုင်း၊ ဗန်တို၊ ဗန်ရှည်သင်ပွဲ များ၊ ဆေးမင်ကြောင်ထိုးပွဲများ ကျင်းပ၏။
    တပို့တွဲလ(လိန်ဆမ်)။
 သုံးလပိုင်းဟုအဓိပ္ပါယ်ရသည်။(ခေါက်ယာဂု)ခေါ် ကောက်ညှင်းနှင့်ကြံသကာရော၍ ပေါင်းပြီး နှမ်း၊ မြေပဲဆံ၊ သစ်ကြား သီး၊ အုန်သီးစသည်များဖြင့် ပြုလုပ်ထားသော ရှမ်းထမနဲများကို တစ်အိမ်နှင့်တစ်အိမ် အပြန် အလှန် ပေးကမ်းဝေငှခြင်း၊ ဘုန်း ကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်း၊ အိုးစည်ဗုံမောင်းများ ပျော်ရွှင်စွာ တီးခတ်ကခုန်ကြခြင်း၊ ဥပုသ်သီတင်းသီလဆောက် တည်ခြင်းများ ပြုကြ၏။
    တပေါင်းလ(လိန်ဆီ)။
    လေးလပိုင်း ဖြစ်သည်။ တပေါင်းဘုရားပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စုံလှပေသည်။ လယ်ယာလုပ်ငန်းခွင် အားလပ်၍ ငွေပေါချိန်ဖြစ်ရာ စုပေါင်း ရှင်ပြု ရဟန်းခံပွဲများမှာလည်း နေရာမလပ် ဖြစ်၏။ ရှမ်းပြည်မြောက်ပိုင်းတိုင်း ဘုရားပွဲတော်များ အနက် ဘော်ကြိုတပေါင်းပွဲ၊ သိန္နီတပေါင်းပွဲနှင့်လားရှိုးမန်ဆူတပေါင်းပွဲများမှာ ကြက်ပျံမကျ စည်ကား လှပေသည်။
    တန်ခူးလ(လိန်ဟာ့)။
    ငါးလပိုင်း သင်္ကြန်သမယဖြစ်၏။ သင်္ကြန်မကျမီတစ်ရက် အကြိုနေ့တွင် လှူဖွယ်တန်းဖွယ်ပစ္စည်းများ၊ မုန့်ဖက်ထုပ်ပြု လုပ်ရန် ဖက်များ ၀ယ်ခြင်းနှင့်စပါး(သို့မဟုတ်)ပြောင်းဖူးစေ့များ လှော်၍ ပေါက်ပေါက်ပြု လုပ်ခြင်းများ ပြုကြသည်။ ညနေပိုင်း တွင် အိမ်တွင်ဖြစ်စေ၊ ရေချောင်းကမ်းစပ်များ၌ဖြစ်စေ မုန့်ထုပ် မုန့်ပေါင်းခြင်း၊ တပျော်တပါး ၀ိုင်းဖွဲ့စားသောက်ခြင်းများ ပြုကြ၏။ မုန့်ထုပ်မုန့်ပေါင်းရာသို့ တစ်အိမ်နှင့် တစ်အိမ် ၀ိုင်းဝန်းကူညီခြင်းများ ပြုကြလေသည်။ သင်္ကြန်အကျနေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ဥပုသ်သီတင်းဆောက်တည်၊ တရားဓမ္မ နာယူခြင်းများ ပြုကြ၏။ (ရှမ်းလူမျိုး တို့သည် သင်္ကြန်အကျနေ့ကို အထွတ်အမြတ်ထားကြပြီး ရေကစားခြင်း မပြုကြပေ။)
  သင်္ကြန်အကြတ်နေ့၊ ဤနေ့ကို (၀မ်းနောက်)ရက်ပုပ်ဟုယူဆကာ သစ်ဝါးခုတ်ခြင်း၊ ဆန် ဖွတ်မောင်းထောင်းခြင်း မပြုကြဘဲ သူတော်စင်များက ဥပုသ်သီတင်းဆောက်တည်၍ ကျန်လူများ က အေးအေးလူလူ အနားယူကြသည်။ ရေကစားခြင်း လည်း မပြုကြပေ။
    တံငါမုဆိုးများကမူ ဤနေ့ဤရက်တွင် တောစောင့်တောင်စောင့်နတ်၊ ရေစောင့်မြေစောင့်နတ်များ၊ ဥပုသ်ဆောင်ဝင်နေ ကြသဖြင့် သားငါးတိရစ္ဆာန်များကို မစောင့်ရှောက်ကြဟု အယူရှိပြီး တောလိုက်ငါး ဖမ်းခြင်း ပြုလုပ်ကြ၏။ သို့ရာတွင် ဆေးရုံအမှု ထမ်းများ၏မှတ်သားပြောကြားချက်အရမူ ဤနေ့တွင် ထို သူများ အပျော်ကျူးမှုကြောင့် အချင်းချင်းမှားယွင်းပစ်ခတ်ဒဏ်ရာရ ခြင်း၊ ရေနစ်ခြင်းများ အများဆုံးတွေ့ရ ၏။ သင်္ကြန်အတက်နေ့ကို နေ့ကောင်းရက်သာ မင်္ဂလာအခါဟုဆိုကာ ဘုန်းကြီးကျောင်းသို့ သွား၍ ရဟန်းစုံ သံဃာစုံ ကန်တော့ခြင်း၊ တစ်ရွာနှင့်တစ်ရွာ သွားရောက်လည်ပတ်၍ မုန့်ဖက်ထုပ်များ အပြန် အလှန်ပေးဝေ ခြင်း၊ ရေကစားခြင်း ပြုကြသည်။ ရေကစားကြရာတွင် သမီးပျိုများရှိရာအိမ်သို့ လူပျိုကာလ သားများ လာရောက်ရေကစားခွင့် ရေပက်ခွင့်တောင်းလျှင် သမီးရှင်မိဘများက ကြည်ကြည်ဖြူဖြူ ရေ ပက်ခွင့်ပေးရ၏။ မဟုတ်ပါက “ခင်ဗျားတို့သမီးတော့ သင်္ကြန်ရေ မထိရရင် တစ်နှစ်တော့ အရွယ်လွန်အုံးမှာ ဘဲဗျို့”ဟု လှောင်ပြောင်ခြင်း ခံကြရသည်၊ သင်္ကြန်တက်ပြီးနောက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် ထမင်းထုပ် ဟင်းထုပ်များဖြင့် လူကြီးမိဘများကို သွားရောက်ကျွေးမွေးကန်တော့ခြင်း၊ တစ် ရွာနှင့်တစ်ရွာ မုန့်ထုပ်များ ပေးပို့ဂါရ၀ပြုခြင်း၊ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကန်တော့လှူဒါန်းဒါနပြုခြင်းများ ဆောင် ရွက်ကြ၏။
    ဘုန်းကြီးကျောင်းများမှာ ဘုရားရေသပ္ပယ်၍ ပြန်လာသူများကို အပြန်လမ်းတစ်လျှောက်တွင် လူငယ်လူရွယ်များက (ကန်တော့နမ့်ခါ) “ရေ ကန်တော့ပါရစေခင်ဗျာ”ဟု ယဉ်ကျေးသိမ်မွေ့စွာ ခွင့်ပန်ကာ ရေပက်ဖျန်းကြလေသည်။ ရေကစားရာ တွင် ဦးခေါင်းဆံပင်ကို ရေမထိစေရန် အထူးဂရုစိုက်ကြရ၏။ အောက်ပိုင်းကိုသာ ရေလောင်းကြရပြီး ညစ်ညမ်း မသန့်ရှင်းသော ရေများဖြင့် ပက်ခြင်း၊ နှမချင်း မစာနာ ဆူညံစွာ အော်ဟစ်လှောင်ပြောင်မှုများကို အထူးရှောင်ရှားကြပေသည်။
    ညပိုင်းတွင် ပျော်ရွှင်တတ်သူများက ဖိုးသူတော်ရုပ်၊ ရသေ့ရုပ်၊ ရှင်လောင်းရုပ်များ ပြုလုပ်လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ တစ်အိမ်တက်ဆင်း ကောင်းချီးပေးပျော်ရွှင်ပွဲများ ပြုကြ၏။ အိမ်ရှင်အား ကျန်းမာချမ်းသာ၍ စည်းစိမ်ဥစ္စာ ရတနာ ရွှေငွေ ဆထက်ထမ်းပိုး တိုးတက်စေကြောင်း ဆုမွန်ကောင်းများ တောင်းကာ အိမ်ရှင်၏ဆန္ဒအတိုင်း(ကွမ်းမတ်)ခေါ် အမှာ စကားတေးသီချင်းများ ဆိုပြရသည်။
    သင်္ကြန်မုန့်ဖက်ထုပ်သည် ကြာလေ ကောင်းလေ၊ ဟောင်းလေ သစ်လေဆိုသည့်ပမာ ရက်ကြာသွား၍ မုန့်များမာတောင့် သွားသည့်တိုင် စားရသူများအတွက် မငြီးငွေ့နိုင်အောင် ဖြစ်၏။ ထို့ကြောင့် အိမ်သို့လာရောက် ကောင်းချီးပေး ဆုမွန်တောင်းသူ တီးခတ်ကခုန်သူများကို မုန့်ဖက်ထုပ်များ ပြန်ပေါင်း၍တဖုံ၊ မီးကင်၍ တစ်မျိုး၊ ရေနွေးကြမ်းအိုးများဖြင့် တည်ခင်းဧည့်ခံကျွေးမွေး ကြလေသည်။
    ကဆုန်လ(လိန်ဟုတ်းက်)။ 
  ခြောက်လဟူ၍ဖြစ်၏။ ကဆုန်ညောင်ရေသွန်းခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်းနှင့် စုပေါင်းရဟန်းခံ ရှင်ပြုပွဲများ၊ ဓမ္မသဘင်ပွဲများ ပြုကြသည်။
    နယုန်လ(လိန်စိတ်း)။
    ခုနစ်လပိုင်းဟုအဓိပ္ပါယ်ရ၏။ ၀ါဝင်တော့မည် ဖြစ်သဖြင့် ရဟန်းခံ ရှင်ပြုပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြ သည်။ ရှင်ပြုပွဲများ ကို သုံးလေးရက်ကြာမျှ စည်ကားခမ်းနားစွာ ကျွေးမွေးဧည့်ခံလျက် ပြုလုပ်ကြ၏။ ရှင်ပြုပွဲ ပထမနေ့တွင် ပွဲဝင်တရားဓမ္မနာယူကြ၍ ဒုတိယနေ့၌ ရှင်လောင်းပြပွဲ၊ ဧည့်ပရိသတ်များ ဧည့်ခံကျွေးမွေး ပွဲနှင့်တတိယနေ့တွင် သင်္ကန်းဆည်းခြင်း၊ ရေစက်သွန်းချအမျှ ဝေခြင်း ပြုကြသည်။ စတုတ္ထနေ့ နံနက်တွင် ကား ရှင်မည်ခံပွဲ၊ အလှူ့ဒကာ၊ အလှူ့အမတို့အား ဒါနရှင်ဘွဲ့အမည်ပေးအပ်ပွဲပြုကြ၏။ ရှင်လောင်းပြပွဲ ကျင်းပသောနေ့တွင် ရှင်လောင်းများကို ပခုံးထက်တင်၍ အိုးစည်ဗုံမောင်းတီးခတ်ကာ ရှင်လောင်းအကပြိုင် ပွဲများလည်း တပျော်တပါး ကျင်းပကြသည်။
  အလှူပွဲသို့ အခြားရပ်ရွာမှ လာရောက်သူများသည် အကူပစ္စည်းများနှင့်အတူ ရွာပြင် တွင် ခေတ္တစခန်းချရပ်နားနေကြရ ပြီး နေ၀င်မိုးချုပ်သည့်အချိန်ကျမှ သေနတ်ဗျောက်အိုးများ ပစ်ဖောက် လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ ရွာတွင်းသို့ဝင် လာကြလေသည်။
    ရွာခံအလှူ့ရှင်ဘက်ကလည်း သေနတ် ဗျောက်အိုးများ ပြန်လည်ပစ်ဖောက်ခြင်း၊ အိုးစည်ဗုံမောင်းများ တီးခတ်ကခုန် လျက် ရွာအ၀င်ဝမှ ကြိုဆိုခေါ်ဆောင်လာပြီး အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြ၏။
    ၀ါဆိုလ(လိန်ပျတ်)။
    ရှစ်လပိုင်းတည်း။ လပြည့်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက် အလှူဒါနပြုကာ ဥပုသ်သီတင်း ဆောက်တည်ကြ သည်။
    ဘုန်းကြီးကျောင်းတွင် လူငယ်အမျိုးသမီးများက ဥပုသ်သီလယူသူများအား ထမင်းထုပ်၊ ဟင်းထုပ်များ ကမ်းလှမ်းကျွေး မွေးကြ၏။ ၎င်းနောက် စားကြွင်းစားကျန်များကို စုပေါင်းသိမ်းဆည်းကာ တပျော်တပါး ၀ိုင်းဖွဲ့စားသောက်ကြသည်။ စားကြွင်း စားကျန်များ သိမ်းဆည်းစုပေါင်းစားသောက်ကြခြင်းမှာ လူကြီးသူမများအပေါ် လေးစားရိုသေခြင်းကို ပြသကြခြင်းဖြစ်၏။ ဥပုသ်သည်များကလည်း လူငယ်များကို အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းပေးကြသည်။ ငွေကြေးတတ်နိုင်သူများက ကျောင်းသို့လာရောက်သူများ လူစေ့သက်စေ့ လူတစ်ဦးလျှင် ငွေတစ်မတ်ကျ ပေးကမ်းလှူဒါန်းကြသည်။ (မတ်)ဆိုသောစကား လုံးသည် အသိအမှတ်ပြုခြင်းဟု အဓိပ္ပါယ်ရ၏။
  ဘယဆေးဝါး ရောင်းဝယ်လုပ်ကိုင်သူများသည် ဥပုသ်သီလဆောက်တည်သူများကို ဆေးဝါး များ ပေးကမ်းလှူဒါန်းဒါန ပြုကြသည်။
    ကိုးလပိုင်း ဖြစ်၏။ ၀ါခေါင်လကွယ်နေ့ညသည် တစ်နှစ်အတွင်း အမှောင်မိုက်ဆုံးအချိန်ဟုဆိုသည်။ ၎င်းနေ့ညပိုင်းတွင် ထင်းရှူးမီးတိုင် ဆီမီးဖယောင်းတိုင်များကို ရပ်ရွာ၏အထင်ကရတောင်များ သစ်ကြီး ၀ါးကြီးများ၌ ထွန်းညှိကြ၏။
    တော်သလင်းလ(လိန်ဆစ်းမ်)။    ဆယ်လပိုင်းတည်း။ မိမိတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းများအတွက် တစ်နှစ်တာ လိုအပ်မည့် ပစ္စည်းများကို လပြည့်နေ့တွင် စုပေါင်းလှူဒါန်းပွဲ ပြုလုပ်ကြ၏။
    မြို့စောင့်ရွာစောင့်နတ်စင်များကို မွမ်းမံပြင်ဆင်ခြင်း၊ ကန်တော့ခြင်း ပြုကြသည်။
    သီတင်းကျွတ်လ(လိန်ဆင်းလိန်ဆင်းအေးတ်)။
    ဆယ်တစ်လပိုင်း ဖြစ်၏။ အိမ်တိုင်းတွင် (ချိန်ဆန်ပုတ်)ခေါ် သင်ပုတ်စင်(ရှင်ဥပဂုတ်စင်)များထိုး၍ မိမိတို့လယ်ယာခြံ မြေထွက် သစ်သီးဝလံ၊ စပါးများ ချိတ်ဆွဲခြင်း၊ သင်ပုတ်စင်ဒေါင့်တွင် ကြံရွက် ငှက်ပျောရွက်များစိုက်ခြင်းနှင့်လပြည့်နေ့ မနက် စောစောတွင် အိမ်ရှိ အိမ်သားအားလုံးတို့က ဆွမ်းကပ်ခြင်း၊ ကန်တော့ခြင်း ပြုကြသည်။ လပြည့်အဖိတ်နေ့ညမှ လပြည့်ကျော် တစ်ရက်ထိ မိမိတို့အိမ်ရှိ ပန်းကန်ခွက်ယောက်မှအစ ပရိဘောဂပစ္စည်းပစ္စယအစုံ၊ ရေတွင်းရေကန်၊ အိမ်သာ၊ လှေကားထစ်မှ စ၍ ဆီမီးများ ထွန်းညှိပေးကြ၏။
  လပြည့်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းကန်တော့ကာ သီတင်းသီလ ဆောက် တည်ကြသည်။ အချို့ ဒေသများ၌ နတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရား ကြွလာ ဟန်ဖြင့် မြင့်မိုရ်တောင်သဖွယ် စင်မြင့်ကြီးဆောက်ပြီး ရဟန်းသံဃာတော်များ တက်ရောက်စေ ကာ လှေကားထစ်မှ ကြွဆင်းလာစဉ် အောက်မှ ဒကာ ဒကာမများက စောင့်၍ ဆွမ်းလောင်းခြင်းပြု ကြ၏။
    လူငယ်လူရွယ်များက ထမင်းထုပ်၊ ဟင်းထုပ်၊ စားသောက်စရာများဖြင့် ဆရာမိဘများထံ သွားရောက်ကျွေးမွေးကန် တော့ကြသည်။ ညအခါ ဘုန်းကြီးကျောင်းသို့ လာရောက်သူများ ကို ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ရေနွေးကြမ်းများ ကျွေးမွေး ဒါနပြုခြင်း၊ တိုးနယား၊ ကိန္နရာ၊ သိုင်း အကများ ကပြဖြေဖျော်ခြင်း ပြုကြသည်။
    တန်ဆောင်မုန်းလ(လိန်ဆစ်ပ်ဆောင်)။
    ဆယ့်နှစ်လ။ ရှမ်းလူမျိုးတို့၏တစ်နှစ်တာ နောက်ဆုံးဖြစ်၏။ ကောင်းကင်အဇဋာတစ်ခွင် ကြယ်တာရာနက္ခတ်စုံလင်သည့် အပြင် သစ်သီးဝလံ၊ ပန်းမန်တို့ အစုံလင်ဆုံးသောအခါသမယ ဖြစ်သည်။ စပါးသီးနှံ၊ ရွှေရောင်လျှံကာ လေယူရာတိမ်း ယိမ်းနွဲ့ လှုပ်ရှားနေပုံများကို ကြည့်ကာ စိုက်ပျိုးသူ လယ်ယာဦးကြီးများ တစိမ့်စိမ့်ကြည့်ကာ ကြည်နူးရသည့်အခါလည်း ဖြစ်၏။
    ဤလ၌ စပါးသီးနှံများ ရိတ်သိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလျက် ကောက်သစ်ကြိုဆိုပွဲ ပြုကြသည်။
    သင်ဖြူးကော်ဇောခင်း၊ ရာဇမတ်ကာလျက် စင်ထိုးပြီး စာတော်ဖတ်စာရေးများက (လိတ်ပူဖန်ခေါက်)ခေါ် ဆန်ဝဉာဏ် အဖိုးနှင့်နောင်နှစ်များတွင် စပါးသီးနှံ ပိုမိုထွက်ရှိရေးအတွက် ဆုတောင်းခြင်း ပြုကြ၏။
    ရှမ်းစာဆိုတော်ကြီး(စ၀်ကန်းဆေ)သည် တန်ဆောင်မုန်းလဆန်းတစ်ရက်နေ့တွင် ဖွားသန့်စင်ပြီး အခြားအခြားသော ရှမ်းစာဆိုတော်ကြီးများမှာလည်း ဤတန်ဆောင်မုန်းလအတွင်း မွေးဖွားကြသည်ဖြစ်၍ လဆန်းတစ်ရက်နေ့မှ လကွယ်နေ့အထိ စာဆိုတော်လအဖြစ် တခမ်းတနား ကျင်းပကြသည်။
  (၀မ်းခူးမော်)စာဆိုတော်နေ့ကျင်းပခြင်းမှာ ၎င်းတို့ရေးသားထားခဲ့သော ပိဋကတ်စာပေ၊ သုတ္တန်   ဒေသနာဆုံးမစာများ ကို မှတ်သားနာယူရသဖြင့် ဂုဏ်ကျေးဇူးကို အောက်မေ့သတိရသော အနေ ဖြစ်သည်။
    စာဆိုတော်ကြီးများ ကွယ်လွန် မရှိတော့သည်ဖြစ်သော်လည်း သူတို့၏စာ၊ သူတို့၏ဆုံးမစကားများသည် ယခင်က ရှိခဲ့ သလို ယခုလည်း ရှိနေ၏။ နောင်တွင်လည်း ဆက်လက်၍ တည်တံ့နေဦးမည် ဟူ၍ ဖြစ်ပါသတည်း။
စိုင်းညွန့်မောင်(လားရှိုး)
http://shanstatedefencearmy.blogspot.com/
Share:
No comments:
Post a Comment
INTRODUCE OF MY SECOND BOOK
Popular Posts
Blog Archive
FACEBOOK PAGE
Recent Posts