ရာဇ၀င်ထဲက လားရှိုး(မြ၀င်း)

ရာဇ၀င်ထဲမှာ လားရှိုးဆိုတဲ့နာမည်ကို ရှာရတာအလွန်ခက်ပါတယ်။ သိန္နီ နဲ့သီပေါကတော့ ရာဇ၀င်ထဲမှာ အစောကြီး စာရင်းပေါက်ပါတယ်။ ဒါကြောင့် လားရှိုးရဲ့နောက်ခံအကြောင်းတွေကို ရှာဖွေရာမှာ လားရှိုးနယ် တစ်ဝိုက်က သမိုင်းဝင်နေရာတွေကိုလေ့လာစုစည်းပြီး လားရှိုးရဲ့မှတ်တမ်း မတင်ခံရတဲ့ပုံရိပ်ဟောင်းတွေကို ဆက်စပ်ဖေါ်ပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
လားရှိုးမြို့နယ်ထဲမှာ မိုင်းပိုင်ဆိုတဲ့ရွာကလေးကို ပုဂံခေတ်လယ် အေဒီ ၁၁၇၅ မှာ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးနဲ့မိဖုရားကြီးဝေဠုဝတီတို့က စကားသားနဲ့ထုလုပ်တဲ့ဗုဒ္ဓဆင်းတုတော်တစ်ဆူ ပေးပို့လှူဒါန်းခဲ့တဲ့သမိုင်း မှတ်တမ်းတွေ ရှိနေတဲ့အကြောင်း၊ လားရှိုးမဂ္ဂဇင်းပထမအုပ်မှာ ရေးသား တင်ပြခဲ့ပါတယ်။ မိုင်းပိုင်ရွာအပြင် နောက်ထပ် ဆက်စပ်တင်ပြရမယ့်နေ ရာတွေလည်း ရှိနေပါသေးတယ်။
 
လားရှိုးကောလိပ်ရဲ့အနောက်ဖက်မှာ ရန်အောင်မြင်ရှေးဟောင်းစေတီ တော်ကို ဖူးတွေ့နိုင်ပါတယ်။ စေတီတော်ရဲ့မူလရှေးဟောင်းစေတီတော်ကို ၁၉၈၀ ပြည့်နှစ်များအတွင်းက ပြန်လည်တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး မူလ ရှေးဟောင်းစေတီတော်ကို ငုံ၍ လက်ရှိစေတီတော်ကြီးကို ပြန်လည်တည် ဆောက်ထားတာ ဖြစ်ပါတယ်။ မူလရှေးဟောင်းစေတီတော်ကို ပြန်လည် တူးဖော်စဉ်က ထိုကာလမှာ တာဝန်ယူထားတဲ့ဂေါပကအဖွဲ့က သမိုင်း ပညာရှင်ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)နဲ့အဖွဲ့ရဲ့အကူအညီတွေ နဲ့ တွေ့ရှိချက်အားလုံးကို စနစ်တကျ လေ့လာမှတ်တမ်းတင်ခဲ့တာမို့ အဲဒီ မှတ်တမ်းများဟာ အဖိုးမဖြတ်နိုင်သော အထောက်အထားများအဖြစ်တွေ့ ရှိရပါတယ်။ (ပြုပြင်ပြီး ရန်အောင်မြင်ဘုရား ရှေ့မြင်ပုံ-ပုံ ၁)
 ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ရဲ့ရန်အောင်မြင်ရှေးဟောင်းစေ တီတော်လေ့လာချက်မှတ်တမ်း(၁၂-၉-၁၉၈၂)အရ စေတီတော်ရဲ့သက် တမ်းကို ခန့်မှန်းဖို့အတွက် အလွန်အရေးပါတဲ့အဓိကအချက်ကတော့ စေ တီတော်ရဲ့ပန်းတင်ခုံပန္နက်တော်သည် တောင်မြောက်မျဉ်းတည့်တည့် မဟုတ်ဘဲ အနောက်ဘက်သို့ ၂၂ စောင်းနေတယ်ဆိုတဲ့အချက်ပါပဲ။(စေ တီတော်၏ပန္နက်ပုံကြမ်း-ပုံ-၂)
 ရှေးဟောင်းဘုရားများနဲ့ပုဂံခေတ်ဂူဘုရားအားလုံး၊ စေတီဘုရားအားလုံး၏ ပန်းတင်ခုံ ပန္နက်တော်သည် တောင်မြောက်မျဉ်းတည့်တည့် မဟုတ်ဘဲ အ ရှေ့(သို့မဟုတ်)အနောက်ဖက်သို့ စောင်းပြီး တည်ထားကြပါတယ်။ (Inventory of Ancient Monument in Bangan-Department of Archaeology 1998)
 နောက်တစ်ချက်ကတော့ စေတီတော်ဟောင်းရဲ့ပစ္စယာသုံးဆင့်မှာ "ခိုနန်း ချိုး"တွေပါရှိနေတာတွေ့ရပြီး ထောင့်လေးထောင့် အောက်ခြေမှာလည်း ပုဂံရွှေစည်းခုံမှာကဲ့သို့ ကိုယ်နှစ်ခွရှိသော ခြင်္သေ့ရုပ်များရှိတယ်လို့ ပုဂံရွှေ စည်းခုံဘုရားဗိသုကာပုံစံနဲ့နှိုင်းယှဉ်တာကို တွေ့ရပါတယ်။ (ပုဂံရွှေစည်းခုံ ဘုရားပန္နက်တော်ပုံ(၃)နှင့်ခြသေ့င်္ရုပ်ပုံများ-ပုံ-၄)
 
တူးဖော်ရရှိတဲ့ရှေးဟောင်းရုပ်ပွားတော်များစာရင်းကို လေ့လာတဲ့အခါ-
(၁)၁၆ ရာစုလက်ရာ ပထမအင်းဝခေတ်ပဉ္စလောဟာဆင်းတုတော်ပုံ (ပုံ ၅) - ၁ ဆူ၊
(၂)၁၇-ရာစုလက်ရာ ညောင်းရမ်းခေတ်၊ ခေါင်းပွဆင်းတုတော်(ပုံ) - ၁ ဆူ၊
(၃)၁၇-ရာစုလက်ရာ၊ ညောင်ရမ်းခေတ်၊ မောက်မယ်ကျောက်ဖြင့် ထုလုပ် ထားသော ဇမ္ပတိဆင်းတုတော် တင်ပျဉ်ခွေ၊ မကိုဋ်ဆောင်းဆင်းတုတော် များ (ပုံ-၇) - ၈၀ ဆူ၊
(၄)၁၇-ရာစုလက်ရာ၊ ညောင်ရမ်းခေတ်၊ ရွှေချအုတ်ခွက်ဆင်းတုတော် (ပုံ- ၈) ၆၅ ဆူ၊
(၅)၁၈-ရာစုလက်ရာ၊ အမရပူရခေတ် စကျင်ကျောက်ဆင်းတုတော်(ပုံ-၉) - ၂ ဆူ၊
စသည်ဖြင့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းလက်ရာစစ် ဆင်းတုတော် ပေါင်း ၁၅၀ ခန့်ရှိပြီး တွေ့ရှိရတဲ့နေရာများဟာ စေတီတော်ရဲ့ဖောင်းရစ်နေ ရာမှာတစ်ချို့၊ သပိတ်မှောက်နေရာမှာတစ်ချို့နဲ့ခေါင်းလောင်းနားနေရာမှာ တစ်ချို့ဖြစ်နေတဲ့အတွက် ခေတ်အဆက်ဆက် မြန်မာဘုရင်များက ခေတ် အဆက်ဆက် ဆင်းတုတော်လက်ရာမျိုးစုံကို ထပ်မံပြုပြင်ကုသိုလ်ပြုခဲ့ တယ်လို့ ကောက်ချက်ချလို့ရသွားပါတယ်။
 ဒါကြောင့် ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)က ဘုရားတည်တဲ့ ခေတ်ကို (အေဒီ-၁၅၀၀)ထက် စောတယ်ဆိုတဲ့အတွက် ပုဂံခေတ်လယ် ပုဂံခေတ်နှောင်းအထိ ခန့်မှန်းနိုင်ပြီးတော့ ဘုရားကို ပြန်လည်ပြုပြင် ကုသိုလ်ပြုခဲ့တဲ့မြန်မာဘုရင်များကတော့ ရှမ်းပြည်နယ်ကို ကိုယ်တိုင်စစ် ကြောင်းချီတက်ခဲ့ဖူးသော ဘုရားများဖြစ်တဲ့ဘုရင့်နောင်မင်းတရားကြီး (အင်းဝခေတ်)(အေဒီ ၁၅၅၁-၁၅၈၂)နဲ့ညောင်ရမ်းမင်းတရားကြီး(ညောင် ရမ်းခေတ်)(အေဒီ ၁၆၀၀-၁၆၀၆)တို့ဖြစ်နိုင်တယ်လို့ယူဆပါတယ်။ ဒီလို ယူဆတဲ့အတွက် ထိုစဉ်က ရှိပြီးဖြစ်နေမယ့်လားရှိုးရွာကလေးဟာ ဘယ် လောက် ရှေးကျသလဲဆိုတာ မှန်းနိုင်ပါတယ်။
 ဘုရားတည်တဲ့ကာလကို ပုဂံခေတ်လို့ မှန်းတာအကြောင်းရှိပါတယ်။ သီ ပေါက ဘော်ကြိုမုဋ္ဌောစေတီကို အေဒီ ၁၁၇၄ မှာ ပုဂံပြည့်ရှင် နရပတိစည် သူမင်းကြီးက စကားသားနဲ့ထုလုပ်ထားတဲ့ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၄ ဆူ ပေးပို့လှူဒါန်းခဲ့တဲ့အတွက် ဘော်ကြိုမုဋ္ဌောစေတီသည် ပုဂံခေတ်ကတည်း က ရှေးဘုရားဖြစ်နေပါပြီ။(ဘော်ကြိုမုဋ္ဌောစေတီသမိုင်း-စာ-၁၇)
 
မိုးမိတ်က ရွှေဇာလီဘုရားမှာတော့ အနော်ရထာမင်းရဲ့အုတ်ခွက်ဘုရား တစ်ချပ်ကို တွေ့ရတယ်။ အုတ်ခွက်ရဲ့မျက်နှာဖက်မှာ ဂေါတမမြတ်စွာဘု ရားနဲ့ပွင့်ခဲ့ပြီးသော ဘုရား(၉)ဆူ ခြံရံထားပါတယ်။ ကျောဖက်မှာ မွန်ဘာ သာနဲ့-
". . . ဤဘဂ၀ါမြတ်စွာဘုရားဆင်းတုတော်ကို သီရိအနုရုဒ္ဓဒေ၀ဘွဲ့အမည် ရှိသော မင်းကြီးသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှါ မိမိလက်တော်ဖြင့် သွန်းလုပ်တော်မူပါသည်. . ."လို့ရေးထားပါသည်။ (ဒေါက်တာနိုင်ပန်းလှ၏သုတေသနစာတမ်းများ စာ ၃၀၀)ဒါကြောင့် မိုး မိတ်ရွှေဇာလီဘုရားသည်လည်း ပုဂံခေတ်ဦး ဖြစ်ပါတယ်။
လားရှိုး၊ သီပေါ၊ မိုးမိတ်ဆိုတာ မြေပုံထဲမှာတိုင်းကြည့်ရင် မိုင်(၅၀)ပတ် လည်မှာ သုံးပွင့်ဆိုင် ရှိနေတာဖြစ်လို့ ရန်အောင်မြင်ဘုရားကိုလည်း မူလ ဗိသုကာပုံစံများအရ ပုဂံခေတ်လို့ မှန်းတာ ဖြစ်ပါတယ်။
ဒါအပြင် အမရပူရခေတ်၊ စကျင်ကျောက်ဆင်းတုတော်(၂)ဆူကိုတော့ ရှမ်းပြည်နယ်ကို ကိုယ်တိုင်စစ်ကြောင်းချီတက်ခဲ့ဖူးခြင်းမရှိသော အမရပူရ မြို့တည်ဘိုးတော်ဗဒုံမင်းတရား(အေဒီ ၁၇၈၂-၁၈၁၉)ရဲ့ကောင်းမှုဖြစ်နိုင် တယ်လို့ ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)က သုံးသပ်ပါတယ်။ ဒီလိုသုံးသပ်တာဟာ တစ်ခြားကြောင့် မဟုတ်ဘဲ လားရှိုးရဲ့နောက်ဘုရား တစ်ဆူဖြစ်တဲ့မန်ဆူဘုရားရဲ့သမိုင်းကြောင့် ဖြစ်ဖို့များပါတယ်။
မန်ဆူစေတီတော်ကို လေ့လာတဲ့အခါကျတော့ ဘုရားတည်ကျောက်စာ၊ ခေါင်းလောင်း၊ နံရံဆေးရေး၊ ဘာတစ်ခုမှ ရှာမတွေ့တဲ့အပြင် ပြန်လည်တူး ဖေါ်ပြီးမှ ပြင်ဆင်တာလည်း မဟုတ်တဲ့အတွက် ဘုရားဌာပနာနဲ့မူလပန္နက် တော်အနေအထားများကိုလည်း မသိနိုင်တော့ဘဲ ဖြစ်သွားပါတယ်။ ဒါပေ မယ့် မြန်မာအမတ်ကြီးတစ်ဦးရဲ့ဘုရား၊ မြန်မာဘုရား၊ မြန်မာအမတ်ကြီးဦး ပေါ်ဦးရဲ့ဘုရားဆိုတဲ့သက်ကြီးစကား သက်ငယ်ကြား သမိုင်းရှိနေကြောင်း တစ်နယ်လုံးမှာရှိတဲ့ဒေသခံများအားလုံးက မြန်မာလိုရော ရှမ်းလိုရော မြန် မာအမတ်ကြီးဦးပေါ်ဦး တည်တယ်လို့ သမိုင်းစကား အခိုင်အမာရှိနေ ကြောင်း မန်ဆူဂေါပကအဖွဲ့က ပြုစုထားတဲ့မှတ်တမ်းထဲမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။
ဒါကြောင့်မို့ စောစောက ရန်အောင်မြင်ရှေးဟောင်းစေတီတော်မှ အမရပူရ ခေတ် စကျင်ကျောက်ဆင်းတုတော်(၂)ဆူသည် အမတ်ကြီးဦးပေါ်ဦးရဲ့ ဘုရင်မင်းမြတ်ဖြစ်သော အမရပူရမြို့တည် ဘိုးတော်ဗဒုံမင်းတရားကြီးရဲ့ ကုသိုလ်တော် ဖြစ်နိုင်တယ်လို့ပြောတာပါ။
အမတ်ကြီးဦးပေါ်ဦးဟာ အမရပူရမြို့နန်းတည် ဘိုးတော်ဗဒုံမင်းတရားကြီး ရဲ့မြေးတော်အိမ်ရှေ့မင်းရဲ့မိဖုရားဆင်ဖြူမယ်မှာ သားဦးဖွားမြင်ပြီး ခုနစ် ရက်လည်တဲ့နေ့မှာ မိဖုရားနတ်ရွာစံပါတယ်။ ဒါကြောင့် ဘိုးတော်ဘုရား ဟာ ရင်တော်နှစ် မြစ်တော်ချစ်ကို အလွန်သနားပြီး အလွန်ချစ်မြတ်နိုး တော်မူတဲ့အတွက် ခမည်းပေးရန် ရတနာများစီခြယ်သော မြပုခက်ကိုဝယ် ဖို့ သဿမေဓငွေတော်မှ ရှစ်သိန်းထုတ်ပေးပြီး အမတ်ကြီးဦးပေါ်ဦးကို အ ၀ယ်တော်တာဝန်နဲ့ ယိုးဒယား ကို သွားဖို့ အမိန့်ထုတ်ပါတယ်။
ဒီလို သဿမေဓငွေနဲ့ဝယ်ဖို့ အမိန့်ထုတ်တာကို အမတ်ကြီးက"ဒီရှင်ဘုရင် ရှင်ဘုရင်ပါး မ၀သေးပါဘူး"လို့ ဝေဖန်တာမှာ ဘုရင့်ရွှေနားတော်ပေါက် ကြားသွားတဲ့အတွက် သိန္နီကို နယ်နှင်ဒဏ်ခတ်ခံရပါတယ်။ (ကုန်းဘောင် ရှာပုံတော်-စာ ၁၂၇/၁၄၅)။ ဒါကြောင့် မန်ဆူဘုရားကို အမတ်ကြီးဦးပေါ် ဦး တည်တာမှန်ခဲ့ရင် တည်တဲ့ခုနှစ်သည် ဆင်ဖြူမယ်နတ်ရွာစံတဲ့နှစ်(သိန္နီ ကို နယ်နှင်ခံရတဲ့နှစ်)အေဒီ-၁၈၁၃ နဲ့ ၁၈၁၆ ကြားမှာ ဖြစ်မှာ သေချာသွား ပါတယ်။
ဖေါ်ပြခဲ့တဲ့ ဘုရား(၂)ဆူရဲ့သမိုင်းကြောင့် လားရှိုးလွင်ပြင်ကလေးဟာ အရေးပါနေတာကို သိရပေမယ့် ရာဇ၀င်တွေထဲမှာ လားရှိုးဆိုတဲ့နာမည် မပါသေးပါဘူး။ သိန္နီနဲ့သီပေါကတော့ ပုဂံခေတ်ကတည်းက ရာဇ၀င်ထဲမှာ စာရင်းပေါက်နေပါပြီ။ ဒါကြောင့် လားရှိုးရွာကလေးဟာ သိန္နီနယ်ထဲမှာ လား သီပေါနယ်ထဲမှာလား ဆိုတာကို ရှာကြည့်ဖို့ပါပဲ။
လားရှိုးဆိုတဲ့ရွာကလေးရဲ့အမည်ကို ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် တရုတ်-မြန်မာတတိယစစ်ပွဲ(အေဒီ-၁၇၆၇)မှာ မြန်မာတပ်များ က လားရှိုးနဲ့ကွမ်းလုံကို တက်ပြီး သိမ်းခဲ့တယ်လို့ ကုန်းဘောင်ခေတ်မဟာ ရာဇ၀င်တော်ကြီးမှာ ပါတဲ့အတွက် "ရာဇ၀င်ထဲက လားရှိုး"ကို အစောဆုံး တွေ့ရတာပါပဲ။ ဒါပေမယ့် ဘယ်သူ့လက်အောက်က ရွာကလေးလဲဆိုတာ မပေါ်လွင်သေးပါဘူး။
နောက်ပိုင်းမှာ သီပေါမင်းလက်ထက်(အေဒီ ၁၈၇၉-၁၈၈၀)က မှတ်တမ်း တွေထဲမှာကျတော့မှ လားရှိုးရွာကလေးရဲ့နာမည်ကို မကြာမကြာ တွေ့ရပါ တယ်။ အဲဒီမှတ်တမ်းများအနက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပုံနှိပ်တဲ့လွှတ် တော်မှတ်တမ်း(Records of Hluttaw) ရှမ်းပြည်နယ်မှ အကြောင်းမှတ် တမ်း(Papers relating to the Shan State)အခန်း(၈)မှာ သိန္နီစော်ဘွား နဲ့သီပေါစော်ဘွားတို့ လားရှိုးရွာကလေးကို နယ်မြေလုရင်းက ရတနာပုံရွှေ နန်းတော်သို့ အပြန်အလှန် တိုင်စာရေးကြ လက်ဆောင်ပို့ကြနဲ့ လုပ်ခဲ့တာ တွေ တွေ့ရပါတယ်။
လွှတ်တော်မှတ်တမ်းစာ(၁၇၆) ကန္နီမြို့၊ သင်းတပ်ဗိုလ်ချုပ်နေမျိုးမင်းထင် ရန်အောင်က လွှတ်တော်လျှောက်လွှာတွင်-
       "သံလွင်အရှေ့ဘက် သူပုန်တို့အကြောင်းအရာ အရပ်ရပ်ထောက် လှမ်းချက်များတွင် ကြံစည်အခြေမပျက်၊ လူလက်နက်စုရုံးရှိကြောင်း၊ သံ လွင်အနောက်ဘက် မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းစည့်၊ သိန္နီအလယ်လယ်မြို့ ကျေးရွာများသည် နှလုံးစိတ်ချ ပိပိပြားပြား ကိုးကားယုံကြည်ရသည် မဟုတ်…"စသည်ဖြင့် သိန္နီမြို့ကို မယုံရတဲ့စာရင်းထဲမှာ ထည့်ပြီးထောက် လှမ်းရေးအစီရင်ခံစာ ပို့ထားတာ တွေ့ရပါတယ်။
လွှတ်တော်မှတ်တမ်းစာ(၁၈၃)၊ သီပေါစော်ဘွားက လွှတ်တော်လျှောက် လွှာမှာ "ဘုရာ့ ကျွန်တော် သီပေါစော်ဘွား ကမ္ဗောဇမဟာဝံသသီရိသုဓမ္မ ရာဇာ ရှိခိုးအစီရင်တော်ခံပါတယ်ဘုရား။ သိန္နီမြို့စစ်ကဲ မင်းလှမင်းထင် စည်သူ။ ၁၂၄၀ တန်ခူးလဆန်း ၁၅ ရက်နေ့ သီပေါမြို့သို့ ဆုတ်ခွာဆိုက် ရောက်မေးမြန်းရာ လားရှိုးတွင် ရပ်နေသိမ်းပိုက်ရှိနေသည့်အတွင်း သိန္နီ စော်ဘွားက တရုတ်၊ ကချင်၊ ပလောင်၊ ရှမ်းတို့ကို စုရုံးစည်းကြပ်ပြီးလျှင် လာရောက်တိုက်ခိုက်လျက်ရှိသောကြောင့် ကျွန်တော်လည်း ခုခံတိုက် ခိုက်ရသည့်အမိန့်တော် မပါ။ လူ၊ လက်နက်နည်းပါးရှိသည့်နှင့်မခံမရပ်နိုင် သီပေါမြို့သို့ ဆုတ်လာရကြောင်း ပြောဆိုရှိသည်ဖြစ်ပါ၍ သိန္နီမြို့အ ကြောင်းကို ထောက်လှမ်းမေးမြန်းရာ သိန္နီစစ်ကဲ ထွက်ချက်နှင့်ကွဲပြားမှု မရှိ၊ ထပ်တူထွက်ဆိုရှိပါကြောင်း သိန္နီမြို့မှာ အခြားမြို့၊ ကျေးရွာတို့နှင့် မတူ၊ ထကြွလှုပ်ရှား မနွံမနာ ရိုင်းပျသည့်မြို့ကျေးရွာဖြစ်ပါ၍ နိုင်တန်နိုင် လောက် ဖိစီးသိမ်းပိုက်တော်မူပါမှ နီးစပ်သည့်မြို့ရွာများမှ အတည်အတံ့ ဖြစ်၍ အလိုတော်ရှိရာ မင်းမှုတော်ရပ်ကို ထမ်းရွက်နိုင်ရန် ရှိကြောင်း၊ မိုင်း ရော်ထမုံက သီပေါမြို့သို့ ပေးပို့သည့်ရောက်ရင်းရှမ်းရေးစက္ကူစာကိုလည်း ဆက်သပါကြောင်း သိတော်မူအောင်ရှိခိုးအစီရင်ခံပါသည်ဘုရား"လို့တွေ့ ရပါသည်။ ဒီလျှောက်လွှာအရ လားရှိုးရွာကို သီပေါစော်ဘွားက ပိုင်တယ်၊ လားရှိုးရွာကို သိန္နီစော်ဘွားက လာတိုက်တယ်။ ဒီလိုတိုက်တဲ့အကြောင်း ကို မိုင်းယော်ထမုံကလည်း သီပေါစော်ဘွားထံ စာနဲ့ရေးတိုင်ပါတယ်။ မိုင်း ယော်ထမုံရဲ့တိုင်စာမူရင်း(ရှမ်းရေးစက္ကူစာ)ကို တပါတည်း ပူးတွဲပြီး သီပေါ စော်ဘွားက သီပေါဘုရင်မင်းမြတ်ထံ တိုင်ကြားတာ ဖြစ်ပါတယ်။
ဒါကြောင့် လားရှိုးရွာသည် သီပေါမင်းလက်ထက်မှာ သီပေါစော်ဘွားအပိုင် မိုင်းယော်ထမုံ လက်အောက်ခံပါဖြစ်နေတဲ့အတွက် မိုင်းယော်ရွာသည် လည်း လားရှိုးထက်ကြီးပြီး လားရှိုးထက် ရှေးကျတယ်။ စောတယ်လို့ တွက်ယူနိုင်ပါတယ်။
သိန္နီစော်ဘွားက လွှတ်တော်ကို ပြန်ရှင်းတဲ့စာ လွှတ်တော်မှတ်တမ်းစာ (၁၈၂)မှာ-
"ဘုရာ့ ကျွန်တော် သိန္နီစော်ဘွား သီဝိရဋ္ဌမဟာဝံသသေဌသုဓမ္မရာဇာ ရှိခိုး အစီရင်ခံပါသည်ဘုရားလို့ အစချီပြီး သိန္နီမြို့ကျေးရွာသည် ဘုရာ့ရွှေဘုန်း တော်မြတ်ကြောင့် ရာဇ၀တ်ရေး မပေါ်မထွက် ကင်းလွတ်လုံခြုံ မြို့ကျေး ရွာ သာယာငြိမ်ဝပ် ရှိပါကြောင်း " ရှင်းလင်းထားတာ တွေ့ရပြီး "အထက် ဆက်သရန် မြင်းကြိုးကြာလက်ကောင်း-၁၊ မြင်းရံ-၄ များကိုလည်း အလျင် အမြန် စေလွှတ်ဆက်သမည်ဖြစ်ကြောင်း"ရှိခိုးအစီရင်ခံစာထားတာ တွေ့ရ ပါတယ်။
ဒီလိုအပြန်အလှန် လျှောက်လွှာတွေအရ လားရှိုးရွာကလေးဟာ သိန္နီစော် ဘွားနဲ့သီပေါစော်ဘွား မကြာမကြာ အငြင်းပွားတဲ့နယ်မြေဖြစ်ပြီး သီပေါ စော်ဘွားအပိုင် မိုင်းယော်ထမုံ လက်အောက်ဖြစ်နေသော်လည်း (၁၈၉၅) နောက်ပိုင်း အင်္ဂလိပ်အုပ်ချုပ်ရေးအရ တောင်သိန္နီနယ်အတွင်းဖြစ်လာပြီး တော့ သိန္နီစော်ဘွားကြီးလက်အောက်မှာ ရှိနေတာကို (Gazetter of Shan State 1900)မှာ တွေ့ရပါတယ်။
ဖေါ်ပြခဲ့ပြီးသမျှကို ခြုံပြီး သုံးသပ်ရင် လားရှိုးနဲ့ဘာမှမဝေးတဲ့မိုင်းပိုင်ရွာက လေးသည် (အေဒီ-၁၁၇၅)ကတည်းက ပုဂံခေတ်နဲ့ခေတ်ပြိုင် ဖြစ်ပါတယ်။ ရန်အောင်မြင်ရှေးဟောင်းစေတီတော်သည် (အေဒီ-၁၅၀၀)ထက်စောပြီး ပုဂံ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်နဲ့ခေတ်ပြိုင်ဖြစ်တယ်။ မန်ဆူ စေတီတော်သည် (အေဒီ-၁၈၁၅)ကုန်းဘောင်ခေတ်လယ်ဖြစ်တဲ့အတွက် လားရှိုးသည် သိန္နီနဲ့သီပေါလို ရာဇ၀င်ထဲမှာ အစောကြီးစာရင်းပေါက် လောက်အောင် အင်အားမကြီးပေမယ့် သူတို့နဲ့ခေတ်ပြိုင်ဖြစ်တယ်လို့ပြော လို့ရပါတယ်။
ဒါကြောင့် "ရာဇ၀င်ထဲက လားရှိုး"လို့ပြောရင် မမှားပါဘူးခင်ဗျာ။
(ဤစာတမ်း ဖြစ်မြောက်ရေးအတွက် ကူညီပေးသော ရန်အောင်မြင်စေတီ ပြုပြင်စဉ်က ဂေါပကတာဝန်ယူခဲ့သော ဆရာဦးမြတ်ထိပ်နိုင်အား ကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။)
 
မှတ်ချက်။  ။၂၀၀၁-ခုနှစ်ထုတ် လားရှိုးမဂ္ဂဇင်း၊ စာမျက်နှာ-၃၉ မှ ၄၉ ထိပါ ရှိသော ဆောင်းပါးကို ပြန်လည်၍စာစီရိုက်ထားပါသည်။
http://shanstatedefencearmy.blogspot.com/ 
Share:

No comments:

Post a Comment

INTRODUCE OF MY SECOND BOOK

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts