မယ်သေချင်လိုက်ပါဘိ ပတ်ပျိုး

စစ်ကိုင်းလှရွှေ

ဗမာ့ထီးနန်း ပျက်သုဉ်းဆုံးပါးပြီးနောက် နန်းတွင်းအဆိုကျော် အတီးကျော်များ နန်းပြင်အဆိုကျော် အတီးကျော်များမှာ ခိုကိုးရာမဲ့ ဖြစ်ခါ အချို့မှာ နေရင်းရတနာပုံနေပြည် မန္တလေးရွှေမြို့တော်၌ပင် ဖြစ်သလို ရှာဖွေစားသောက်လျက်ရှိကြပြီး အချို့ မှာလည်း ဗမာ့ဂီတကို အလေးအမြတ် နှစ်သက်မြတ်နိုးချီးမြှင့်မြှောက်စားလျက်ရှိသော သီပေါစော်ဘွားကြီးစောခွန်ဆိုင်ထံတွင် ၀င်ရောက်ခိုလှုံကြပေတော့သည်။

    စောခွန်ဆိုင်သည် မင်းတုန်းမင်းတရားကြီး၏သမီးတော်တစ်ပါးဖြစ်သော သီပေါမင်း၏အစ်မတော် ပခမ်းစုဖုရားကြီးကို ၁၂၄၈ ခုနှစ်တွင် မဟာဒေ၀ီအဖြစ် မြှောက်စားတော်မူလိုက်လေသည်။ စော်ဘွားကြီးစောခွန်ဆိုင်သည် မြန်မာစာပေနှင့်ဂီတကို အလွန်ချစ်မြတ်နိုးသည့်အားလျော်စွာ “သဟဿံပတ်ပျိုး”နှင့် “မိန်ရာသီ”ပတ်ပျိုးတို့ကို ကိုယ်တိုင်ရေးစပ်လျက် စောင်းဆရာကြီး ဦးဦးကာနှင့်ဒေ၀ဣန္ဒာမောင်မောင်ကြီးတို့အား သေချာစွာ တက်ပေးပြီး ကိုယ်တိုင်သီဆိုကျူးရင့်ခဲ့ပေသည်။

    စောခွန်ဆိုင်၏အရိပ်အရာကို ဆက်ခံယူသော သားတော်စော်ဘွားကြီးဆာစောချယ်မှာ ဖခင်၏ဂီတအမွေအနှစ်ကိုပါ ဆက်လက်ခံယူပြီး ဗမာ့နန်းတွင်း ဂီတပညာကျော်များကို ဖခင်ကြီးထက်ပင် ပိုမို၍ ချီးမြှောက်စားပြီး လာလာသမျှသော ဂီတ ပညာရှင်များအား သူကောင်းပြုပြန်လေရာ အဆိုအက၀ါသနာရှင်ကလေး ၁၃ နှစ်သမီးအရွယ် ခင်စိန်ကြည်ဟူသောမန္တလေး သူကလေးအား သီပေါဟော်နန်းအတွင်း၌ သီဆိုကခုန်မှု ပညာရပ်များကို ဆက်လက်သင်ကြားစေပြီး အရွယ်ရောက်လာသော အခါ ကြင်ယာတော်စ၀်မြဧကြည်သခင်မအမည်ဖြင့် ကောက်ယူသိမ်းပိုက်လိုက်၏။

  သီပေါဟော်နန်းသို့ ရောက်လာကြကုန်သော ဂီတအကျော်အမော်များအနက် စ၀်မြဧကြည်သခင်မဘ၀သို့ မရောက်မီ ခလေးဘ၀ ငယ်စဉ်ကပင် အဆိုအတီးပညာသင်ကြားပေးခဲ့သော မန္တလေးရွှေမြို့တော်မှ ငယ်ဆရာရင်းဖြစ်သူ ဗမာ့နန်းတွင်းအ ဆိုကျော် မဓုသဒ္ဒရွှေတောင်ကျော်စွာဦးလူကြီးလည်း ရောက်ရှိလာပြီး ဂီတပညာများ ဆက်လက်သင်ကြားပေးလေသည်။ တစ် နေ့သော် ဦးလူကြီးက တပည့်ရင်းဖြစ်သူ စ၀်မြဧကြည်(ကွယ်လွန်သူ ဂီတမိခင်ကြီးဒေါ်စောမြဧကြည်)နှင့်ဂီတအကြောင်းများ ဆွေးနွေးနေရာမှ စကားတစ်ရပ် မေးမြန်းချက် ထွက်လာသည်။

    “သမီးကြည်ကြည်ရေ... အဖေကြီးတို့ မန္တလေးရွှေမြို့တော်မှာ ရှာဖွေမရတဲ့သီချင်းတစ်ပုဒ် ရှိတယ်ကွဲ့။ တစ်ခြားတော့ မဟုတ်ပေဘူး။ လေးပုဒ်သော ကိန္နရာချောင်းခြားအနက် “ဟေ၀န်စုံမြိုင်” “မြူဝန်းလို့ခို” “ဖြေနိုင်ပေါင်” သုံးပုဒ်ကိုသာ ရရှိကြပေ မဲ့ ကျန်တစ်ပုဒ်က အစရှာမရပေဘူး။ အဲဒါ သမီးကြည်ကြည်များ ရှာဖွေရရှိထားသလားလို့”

    ဤသို့မေးမြန်းရသည်မှာ အကြောင်းရှိပေသည်။ စော်ဘွားကတော်ဘ၀တွင် ရွှေငွေနှင့်စက်ပြီး ရှာဖွေရရှိထားသောဆရာ ပေါင်းစုံထံမှ ဂီတပညာများမှာ အတန်ပင် ပြည့်စုံကြွယ်ဝနေပြီဖြစ်သဖြင့် ဆရာဖြစ်သူက ရလိုရငြား မေးမြန်းတီးခေါက်ကြည့်ရ ခြင်းပေတည်း။

    “ဟုတ်ကဲ့ဖေဖေကြီး၊ အဲဒီကျန်တစ်ပုဒ်က ဘယ်မှာမှ ရှာမရ နန်းတွင်းပေစာများမှာလဲ ရှာမရပါ၊ သို့သော် မေမေကြီး တပယ်ခင်ဥရဲ့ကောင်းမှုကြောင့် သမီးလေးတော့ ရလိုက်ပါပြီ။ သီချင်းအစက မယ်သေချင်လိုက်ပါဘိတဲ့ ဖေဖေကြီးရဲ့”

    “အလို... ကောင်းလိုက်ပါဘိ သမီးရယ်၊ အဖေကြီးတို့လဲ ရွှေနန်းတော်မှာ တစွန်းတစ ကြားလိုက်မိပါရဲ့၊ သို့သော် လျှို ကြ၀ှက်ကြနဲ့၊ အဲဒီသီချင်းဟာ ပေပေါ်တောင် မရောက်ခဲ့လေတော့ မခက်ပေဘူးလားကွယ်”

    ဗမာဘုရင် ပါတော်မူပြီးနောက် ပျောက်ဆုံးလုရှိနေသော ကိန္နရာချောင်းခြားပတ်ပျိုးတစ်ပုဒ်ဖြစ်သော မယ်သေချင်လိုက် ပါဘိမှာ ဤအချိန်မှစ၍ ပြန်လည်ပေါ်ပေါက်လာခဲ့တော့၏။ ဤသီချင်းကို စတင်ခဲ့သူမှာ စောမြဧကြည်ပင် ဖြစ်၏။ စောမြဧကြည် ကို စနစ်တကျပြသပေးခဲ့သူမှာ တပယ်ခင်ဥခေါ် နန်းတွင်းသူကြီးပေတည်း။

    တပယ်ခင်ဥသည် ကသဲမျိုးဖြစ်၏။ မန္တလေးရတနာပုံမြို့တည် ဘ၀ရှင်မင်းတုန်းမင်းတရား၏ညီတော် တပယ်မြို့မော် နှိုင်းမြို့ ချောင်းဦးဆယ်ရွာစား တပယ်ကိုယ်တော်ကြီးက သိမ်းပိုက်ထား၍ တပယ်ခင်ဥဟုခေါ်တွင်သည်။ ညီမဖြစ်သူမှာလည်း တပယ်ခင်သစ်အမည်ဖြင့် တပယ်မင်းသား၏ကြင်ယာတော်ပင် ဖြစ်လေသည်။ တပယ်မင်းသားကြီး မရှိသည့်နောက် တပယ် ခင်ဥမှာ နန်းတွင်းမြင်းစာရေးတော်ကြီးမောင်မောင်တုတ်နှင့်အကြောင်းဆက်ခဲ့ပြီး တပယ်ခင်သစ်မှာ နန်းတွင်းဂီတပညာကျော် ယိုးဒယားဆရာအုံးနှင့်လက်ဆက်ခဲ့ပေသည်။ ညီအစ်မနှစ်ဦးစလုံးပင် ဂီတကျွမ်းကျင်သော်လည်း အစ်မတော်တပယ်ခင်ဥမှာ ပိုမိုထွန်းပေါက်လှ၏။

    တပယ်ခင်ဥ၏ဆရာရင်းမှာ မင်းတုန်းမင်းတရားအထိ မင်းလေးဆက်တိုင် သူကောင်းပြုခြင်းခံရသော အမရပူရရွှေမြို့ တော်၏ “ကွမ်းဘိုးထိန်းနေမျိုးသီရိကျော်စွာ”ဟူသော ပုဂ္ဂိုလ်ကြီးပင်တည်း။ တပယ်ခင်ဥသည် သီပေါစော်ဘွားဆာစောချယ်၏ ဆက်လက်သူကောင်းပြု ဂီတပါရဂူကြီးအဖြစ်နှင့်သီပေါဟော်နန်းတွင် ဂီတပညာများ ဖြန့်ဖြူးပေးနေရာမှ ဖြစ်မြောက်ထွန်းပေါက် မည်ဟု တွက်ဆမိသော စောမြဧကြည်ကို အထူးဂရုစိုက်၍ ကြိုးကြိုးပမ်းပမ်း သင်ကြားပြသပေးခြင်း ဖြစ်ပေသည်။

  “မယ်သေချင်လိုက်ပါဘိ”ပတ်ပျိုးကို စောမြဧကြည်၏ငယ်ဆရာ မဓုသဒ္ဒရွှေတောင်ကျော်စွာ ဦးလူကြီးကိုယ်တိုင် စော မြဧကြည်ထံတွင် တက်ယူရာမှ မန္တလေးမှ ခိုလှုံလာကြကုန်သော အဆိုကျော်ဆရာမှန်း(စိန်ဗေဒါကို အဆိုသင်ပေးသူ)ဘာဂျာ နှင့်ပတ္တလားဆရာတာ၊ စန္ဒရားဆရာမောင်စသော စောမြဧကြည်ထက် များစွာဝါရင့် အသက်ရင့်ကြသည့် ဂီတအကျော်အမော် များလည်း မယ်သေချင်လိုက်ပါဘိကို တက်ယူကြတော့သည်။ အဆိုကျော် ဒေလီညွန့်ကလည်း စောမြဧကြည်ထံတွင် လက် ထပ်သင်ကြားတက်ယူပြီး မန္တလေးမှ ပတ္တလားနှင့်စန္ဒရားဆရာဖြစ်သူ ဆရာဘကလေးအား တစ်ဆင့်တက်ပေးလိုက်ပြန်သည်။ ဒေလီညွန့်၏ခင်ပွန်းဖြစ်သူမှာ ပတ္တလားဆရာဘကလေး၏ညီအရင်းတော်စပ်၍ ဆရာဘကလေး၏အငြိမ့်အဖွဲ့တွင် စည်းတီး ဆရာဖြစ်လေသည်။

  မင်းတုန်းမင်းနှင့်သီပေါမင်း မင်းနှစ်ဆက်တိုင် စောင်းတော်တီးအဖြစ် အမှုထမ်းရွက်ခဲ့ရသော ဒေ၀ဣန္ဒာမောင်မောင်ကြီး မှာ အသက်အရွယ်ကြီးလာသောအခါ စစ်ကိုင်းတောင်တွင် ရဟန်းဝတ်နှင့်သီတင်းသုံးတော်မူပြီး မန္တလေးရှိ ကွယ်လွန်သူဆိုင်း ဆရာကြီးဆရာစိမ့်၏ဇနီးဒေါ်တိုးအိမ်သို့ မကြာခဏ ရောက်လာတတ်လျက် ဂီတပညာများကို ရဟန်းဝတ်နှင့်ပင် ဖြန့်ဖြူးပေး တတ်ပေသည်။ ဒေါ်တိုးနေအိမ်တွင် ဒေ၀ဣန္ဒာဘုန်းတော်ကြီးရှေ့၌ ဂီတပညာကျော်များ သီဆိုတီးမှုတ်နေကြရာမှ မယ်သေချင် လိုက်ပါဘိပတ်ပျိုးကို ဆိုတီးပြလိုက်ကြလေရာ...

    “ဟဲ့...ဟဲ့...ဒီတေးချင်း ဘယ်က ရလာကြသတုန်း” ဟုမေးတော်မူလေသည်။

    “တင့်ပါ၊ သီပေါစော်ဘွားကြီး၏ကြင်ယာတော်စောမြဧကြည်သခင်မလေးထံမှ ရရှိလာကြောင်းပါဘုရား”

    “ကြည်ကြည်(စောမြဧကြည်ကို ဆိုလိုသည်)က ဘယ်က ရသတဲ့တုန်း”

    ‘‘ဟောနန်းတွင် စံနေတော်မူခဲ့သော ကွယ်လွန်ပြီဖြစ်တဲ့တပယ်ခင်ဥမင်းသမီးကြီးထံမှ ရရှိသည်ဟုသိရကြောင်းပါဘု ရား”

  “အင်း...အစ်မကြီးခင်ခင်ဥဆိုပါကလား၊ မှန်ပါပေတယ်တကာကြီးများ၊ အင်မတန် ပြောင်မြောက်တဲ့ဂီတပညာရှင်ကြီး ပေဘဲ၊ ဦးပဉ္စင်းလဲ မယ်သေချင်ပတ်ပျိုးကို ငယ်စဉ်က ရရှိခဲ့ဖူးပါရဲ့၊ ယခုမေ့ပျောက်ချင်လုဆဲဆဲမှာ အသက်ဆက်ပေးခဲ့ရှာတဲ့ အစ်မကြီးခင်ခင်ဥကို ကျေးဇူးတင်လှပါပေရဲ့ တကာကြီးတို့”

    ယင်း မယ်သေချင်လိုက်ပါဘိပတ်ပျိုးသည် နန်းတွင်းပေမူများတွင်လည်း ပါရှိခြင်း မတွေ့ရသဖြင့် ဆန်းကြယ်လှပေ သည်။ ပေမူပြုစုသူများ၏ချို့ယွင်းချက်ပေလား-လျှို့ဝှက်တတ်သောရှေးဂီတပညာရှင်များလက်ချက်ပေလားဟူ၍ကား အတတ် မဆိုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ မယ်သေချင်လိုက်ပါဘိပတ်ပျိုးတစ်ပုဒ် မပျောက်မပျက် ယနေ့တိုင် တည်ရှိနေခြင်းသည်ကား တပယ်ခင်ခင်ဥနှင့်ဒေါ်စောမြဧကြည်တို့၏ကြီးမားသော မဟာကျေးဇူးတော်ဟူ၍ပင် မုချသိမှတ်ရပေမည်။

  သို့သော် ၎င်းပတ်ပျိုးကို ပဌမဦးစွာ ရိုက်နှိပ်ခဲ့သော ဦးပြုံးချို မဟာဂီတနှင့်ဦးဘချို၏ဂီတ၀ိသောဓနီကျမ်းနှစ်စောင်စလုံး တွင် “သဲငယ်လောင်မြေ့-မြောက်တောင်အိုဘယ်ဆီ” အပိုဒ်တွင် “သဲငယ်လောင်မြ”ဟူ၍ (မြေ့)နေရာ၌ သဝေထိုးပြုတ်ပြီး အဓိပ္ပါယ်ကင်းမဲ့စေသော (မြ)ဟူသောစကားလုံး ပါရှိနေပေသည်။ ဤအချက်ကို ဦးတင်နှင့်ဒေါ်စောမြဧကြည်တို့ကိုယ်တိုင် ပြု ပြင်ပေးမှုကြောင့် စကားလုံးအမှန်ကို သီဆိုနေကြပြီ ဖြစ်သော်လည်း ဂီတကျမ်းများတွင် မှားယွင်းဆဲပင် ရှိနေပေသည်။ ပဌမ ထုတ်ဝေသောဦးပြုံးချိုကိုယ်တိုင် ဦးတင်နှင့်ဒေါ်စောမြဧကြည်တို့ထံမှ သီချင်းစာသား လာယူစဉ်က ဒေါ်စောမြဧကြည်နှုတ်မှရွတ် ပြသည့်စာလုံးများကို ကိုဖိုးဟန်ဆိုသူက လိုက်ရေးပေးစဉ်က ကိုဖိုးဟန်၏အမှတ်တမဲ့ သဝေထိုးပြုတ်ခဲ့သောစာလုံးကြောင့် စက်တင်ရိုက်နှိပ်ရာတွင် ထိုအတိုင်း ပါရှိသွားခြင်းပင် ဖြစ်ပေသည်။ စာရေးပေးသူ ကိုဖိုးဟန်မှာ လက်ရေးလက်သားအလွန် ကောင်းမွန်လှပသေသပ်သူ ဖြစ်၏။ သို့သော် မတော်တဆ ယွင်းမှားခြင်းကြောင့် ဂီတကျမ်းများတွင် ထိုအမှားအတိုင်း ပါရှိသွား ခြင်းပင်တည်း။

    ကိုဖိုးဟန်ဆိုသူမှာလည်း ရာဇ၀င်ရှိခဲ့သူ ဖြစ်ပေသည်။ ဂီတအဆိုအကပညာဝါသနာ အလွန်ကြီးလှ၍ ကိုယ်ပိုင်အငြိမ့် များ ထောင်ခဲ့သည်။ မဟုတ်မခံ ဇတ်ဇတ်ကျဲ ခြေမြန်လက်မြန် ရိုက်ရဲ သတ်ရဲသူတစ်ဦးဖြစ်သဖြင့် လူမိုက်ဖိုးဟန်အမည်ဖြင့် ရန် ကုန်အရှေ့ပိုင်းလူမိုက်နယ်တွင် တစ်ဗိုလ်တစ်မင်း ထင်ရှားခဲ့ဖူး၏။ ဦးချစ်မောင်က မြန်မာညွန့်အငြိမ့်ဟူ၍ တည်ထောင်သောအ ခါ လူမိုက်ဖိုးဟန်က ရန်ကုန်ညွန့်အငြိမ့်ဟူ၍ တည်ထောင်ခဲ့ပြီး အငြိမ့်တီးဝိုင်းကို ရန်ကုန်တွင် ထိုခေတ်က မည်သူမျှ မလုပ်ကြ သေးသည့်ထက် ပိုမိုဆန်းကြယ် မြိုင်ဆိုင်အောင် တီးဝိုင်းသား ဆယ်ယောက်ကို ကုလားလူမျိုးကော်နက်ဆရာ ဗဆီးမွတ်တီးစသူ များနှင့်ဝတ်စုံဆင်တူဝတ်ဆင်ပြီး အငြိမ့်ကို ခေတ်ရှေ့ပြေး တီထွင်ခဲ့သူ ဖြစ်လေသည်။

  ဤသည်တို့ကား မယ်သေချင်လိုက်ပါဘိပတ်ပျိုး ပြန်လည်ရှင်သန်လာစေခဲ့သော အထုပ္ပတ္တိအကျဉ်းမျှဖြစ်ပေရာ နှောင်း လူများအဖို့ အဘိုးအနဂ္ဃ ထိုက်တန်သောမှတ်တမ်းတစ်စောင်ဟူ၍ မှတ်ယူကြကုန်လျှင် ဖေါ်ထုတ်မှတ်တမ်းတစ်စောင်ဟူ၍မှတ် ယူကြကုန်လျှင် ဖေါ်ထုတ်တင်ပြရကျိုးနပ်ပေသည်။ အကြောင်းမှာ မယ်သေချင်လိုက်ပါဘိ ကိန္နရာချောင်းခြားပတ်ပျိုးမှာ နန်း တွင်းပေမူများတွင်ပင် ရှာမတွေ့နိုင်ဘဲ ပျောက်ကွယ်ခဲ့သောပတ်ပျိုးလတ်ပေတည်း။

စစ်ကိုင်းလှရွှေ
http://shanstatedefencearmy.blogspot.com/
Share:

No comments:

Post a Comment

INTRODUCE OF MY SECOND BOOK

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts